ဂျပန်နိုင်ငံ စီရင်စုခြောက်ခုတွင် ဝက်ဝံတိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရရှိ



မေ ၁၅

ဂျပန်နိုင်ငံ စီရင်စုခြောက်ခုတွင် ဝက်ဝံတိုက်ခိုက်မှုများကြောင့် လူနှစ်ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်န်အိတ်ချ်ကေရုပ်သံလွှင့်ဌာန၏ဖော်ပြချက်အရ သိရသည်။

ထိခိုက်ဒဏ်ရာရသူများအနက် ရှစ်ဦးထက်မနည်းသည် သစ်တောဒေသများတွင် ဝက်ဝံတိုက်ခိုက်ခံခဲ့ရပြီး ၎င်းတို့အနက် ငါးဦးထက်မနည်းသည် တောင်တန်းများတွင် သီးပင်စားပင်များကို ခူးဆွတ်နေစဉ် တိုက်ခိုက်ခံခဲ့ရသည်ဟု ယူဆရသည်။

လူနေရပ်ကွက်များတွင် ဝက်ဝံတိုက်ခိုက်မှုနှစ်ခုထက်မနည်းဖြစ်ပွားခဲ့သည်။ ဖြစ်ရပ်တစ်ခုတွင် တိုယာမာစီရင်စု တိုယာမာမြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးသည် ၎င်း၏ခွေးနှင့်အတူလမ်းလျှောက်သွားနေစဉ် ဝက်ဝံတစ်ကောင်၏ ကုတ်ခြစ်ခြင်းခံခဲ့ရသည်။ အခြားဖြစ်ရပ်တစ်ခုတွင် အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးအာကီတာစီရင်စု ယူရီဟွန်ဂျိုမြို့ရှိ စပါးခင်းများတွင်ရှိနေစဉ် ဝက်ဝံတိုက်ခိုက်မှုခံရသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အများပြည်သူအနေဖြင့် အပြင်ထွက်သည့်အခါ ရေဒီယို သို့မဟုတ် ဝက်ဝံသတိပေးခေါင်းလောင်းကိုင်ဆောင်ခြင်း၊ တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ခရီးသွားခြင်း၊ အစားအစာအကြွင်းအကျန်များကို အပြင်ဘက်တွင် ထားရှိခြင်းမပြုရန်နှင့် ဒေသန္တရအစိုးရများမှ ထုတ်ပြန်သော ဝက်ဝံမြင်တွေ့မှုဆိုင်ရာ နောက်ဆုံးရသတိပေးချက်များကို စစ်ဆေးခြင်းအပါအဝင် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ဂျပန်ပတ်ဝန်းကျင်ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံတစ်ဝန်း ဝက်ဝံတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၃ ဦးအပါအဝင် ၂၃၈ ဦး ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.