တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 


မြိတ် မေ ၆

 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပမှ ကုန်တင်လေယာဉ်များ ရာသီမရွေးဆင်းသက်ပျံသန်းနိုင်ရန်နှင့် လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ လေဆိပ်ခန်းမဆောင်တွင် လေဆိပ်ဆိုင်ရာ အချက်အလက်များနှင့် လေဆိပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မြိတ်လေဆိပ်တာဝန်ခံက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာသတ်မှတ်ကာလနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်ခရိုင်မှပြည်သူများ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် အခက်အခဲများ တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ရှင်းလင်း ဆွေးနွေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)

No comments

Powered by Blogger.