ဉာဏ်ရည်တုလှိုင်းများ (၆)
နီဇော်သစ်
ဉာဏ်ရည်တုလှိုင်းများ ခေါင်းစဉ်အောက်တွင် ဉာဏ်ရည်တုနည်းပညာ၏ လုပ်ဆောင်နိုင်စွမ်းနှင့် လုပ်ပိုင်ခွင့်တို့အကြောင်း အကြမ်းဖျင်းအားဖြင့် ဆွေးနွေး တင်ပြခဲ့ပြီးဖြစ်ပါသည်။ ဉာဏ်ရည်တု သို့မဟုတ် အေအိုင်နည်းပညာနှင့်ပတ်သက်၍ ကျွန်တော်တို့ စိုးရိမ်နေကြသည့် အန္တရာယ်တို့မှာ လုပ်ဆောင်နိုင်စွမ်းနှင့်မဆိုင် လုပ်ပိုင်ခွင့်ဘယ်လောက်ပေးထားလဲဆိုသည်အပေါ်တွင် ပို၍မူတည် ကြောင်းလည်း တွေ့ခဲ့ရပြီဖြစ်သည်။ သို့သော် လုပ်ဆောင်နိုင်စွမ်းအတိုင်းအတာတစ်ခုအထိ မြင့်တက်သွားလျှင် အေအိုင်သည် သူ့လုပ်ပိုင်ခွင့်သူ မြှင့်တင်သွားနိုင်စွမ်း ရှိမလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း ကြိုတင်မြင်နိုင်သည့်အနေအထားတွင် ရှိမနေပါ။ ရှေ့က ပြောခဲ့သလို အေအိုင် လုပ်ပိုင်ခွင့် အဆင့်(၅)သည် လူသား သမိုင်း၏ အကြီးမားဆုံး နည်းပညာတော်လှန်ရေးဖြစ်လာ နိုင်သလို လူသားတို့ကိုယ်တိုင် ဖန်တီးလိုက်သော ပြိုင်ဘက်တစ်ခုလည်း ဖြစ်လာနိုင်သည်။ အရေးကြီးသည်မှာ ထိုအဆင့်သို့ မရောက်ခင် လူသားတို့က ထိန်းချုပ်မှု၊ တာဝန်ယူမှုနှင့် တန်ဖိုး ထားမှုတို့ကို ဘယ်လိုသတ်မှတ်မလဲဆိုသည်က အရေးကြီးသည်။ အဓိကအကျဆုံးမှာ ထိန်းချုပ်နိုင် မှာလား၊ မထိန်းချုပ်နိုင်ဘဲ လွှတ်ပေးလိုက်ရမှာလားဆိုသည့် မေးခွန်းဖြစ်သည်။
လူသားမျိုးစိတ်၏ ပထမဆုံးကြိုးကိုင် ဖန်တီးမှုဖြစ်သည့် မီးနှင့် ကျောက်လက်နက်တို့ကို အသုံးပြု သည့် နည်းပညာများ ဖန်တီးခဲ့ချိန်မှစ၍ နည်းပညာတိုးတက်မြင့်မားလာခြင်းနှင့် ကျယ်ပြန့် လွှမ်းမိုး လာခြင်းတို့သည် လူသားတို့၏ သမိုင်းကြောင်းနှင့် ယှဉ်တွဲဖြစ်တည်လာခဲ့သည်။ နည်းပညာတစ်ခု တီထွင်ဖန်တီးလိုက်ပြီးတိုင်း မပြောင်းလဲဘဲ ထာဝရရပ်တည်နေသည့် နိယာမမှာ ဈေးသက်သာ လာမည်၊ အလွယ်တကူ သုံးနိုင်လာမည်၊ တစ်ဟုန်ထိုး တိုးတက်ပွားများပြီး ကျယ်ပြန့်လာမည် ဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုဖြစ်စဉ်မှာ လူသားတို့၏ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နှင့် အလားတူသည်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေဖို့၊ ကိုယ့်ကံကြမ္မာကို တိုးတက်စေဖို့၊ ကိုယ့်စွမ်း ဆောင်ရည်များကို တိုးတက်စေဖို့၊ ကိုယ့်ပတ်ဝန်းကျင်အပေါ် ကိုယ့်ဩဇာလွှမ်းမိုးမှုတိုးတက်စေဖို့ လူသားတို့၏ စူးစမ်းရှာဖွေမှုများသည် နည်းပညာတို့၏ ဆင့်ကဲဖြစ်စဉ်ကို တွန်းအားပေးသည်။ ထိုတွန်းအားက တစ်ဟုန်ထိုး တိုးတက်ပွားများ ကျယ်ပြန့်မှုကို ကမ္ဘာတစ်ခွင်လုံး၌ ပျံ့နှံ့စေပြီး နည်းပညာအပေါ် လူသားတို့၏ ကန့်သတ်ထိန်းချုပ်နိုင်စွမ်းကို လွတ်ထွက်သွားစေသည်။
သမိုင်းတစ်လျှောက် အထွေထွေသုံး နည်းပညာများထဲတွင် လူသားတို့၏ ကန့်သတ်ထိန်းချုပ်မှု အောက်၌ လုံးဝကျရောက်ခဲ့သည့် နည်းပညာဟူ၍ နျူကလီးယားနည်းပညာသာရှိသည်ကို တွေ့နိုင် သည်။ ဟီရိုရှီးမားနှင့် နာဂါဆာကီ ဖြစ်စဉ်တို့သည် သမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် စစ်ပွဲကြီး ကို ရပ်တန့်သွားစေသည်ဟုဆိုကြသော်လည်း တစ်ဆက်တည်းမှာပင် နျူကလီးယား နည်းပညာ အပေါ် လူသားထု၏ စိုးရိမ်ထိတ်လန့်မှုကိုလည်း အဆုံးစွန်ရောက် မြင့်တက်စေခဲ့သည်။ နျူကလီး ယားနည်းပညာလို အထွေထွေသုံးနည်းပညာတစ်ခု၏ တိုးတက်ပျံ့နှံ့မှုကို ထိန်းချုပ်လိုက်နိုင်သည် မှာလည်း အဆိုပါ စိုးရိမ်ထိတ်လန့်မှုကြောင့်ပင်။ တစ်ဖက်တွင်လည်း အိုင်းစတိုင်းပြောသလို နေမှအပဖြစ်သော စွမ်းအင်ကို ဖန်တီးပေးသည့် နည်းပညာ၏ ကောင်းကျိုးများကို လူသားတို့ အပြည့်အဝမခံစားကြရအောင် တားဆီးလိုက်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ နည်းပညာသမိုင်းမြင်ကွင်းတွင် ထိုသို့ အပြည့်အဝနီးပါး ကန့်သတ်ထိန်းချုပ်နိုင်သည်ဟူ၍ နျူကလီးယားနည်းပညာတစ်ခုသာရှိပြီး ကျန်နည်းပညာများသည် မည်သူမျှ ကန့်သတ်ထိန်းချုပ်၍ မရနိုင်လောက်အောင် လူသားမျိုးစိတ်တစ်ခုလုံး၏ လက်ထဲသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်ကတော့ သေချာ ပါသည်။
ယခု အေအိုင် နည်းပညာကရော ဘယ်လိုဖြစ်နိုင်ပါသလဲ။ လက်ရှိ အေအိုင်နည်းပညာလောက၏ ဦးစီးရှေ့ဆောင် တစ်ယောက်ဖြစ်သော မိုက်ခရိုဆော့ဖ် အေအိုင် စီအီးအို မူစတာဖာဆူလီမန်က ၂၀၂၃ ခုနှစ်ထုတ် သူ့စာအုပ် The Coming Wave ထဲတွင် အေအိုင်နည်းပညာကို သုတေသနလုပ်ဖြစ် ခဲ့သည့် ရည်မှန်းချက်ကို“ကျွန်တော်တို့ကို ကျွန်တော်တို့ဖြစ်လာစေသည့်၊ သူမတူသော မျိုးစိတ် ဖြစ်လာစေသည့် ကျွန်တော်တို့၏ အသိဉာဏ်ကို ပုံတူပွားရမည့် ရည်မှန်းချက် … ထိုရည်မှန်းချက်ကို အောင်မြင်စေဖို့ ကျွန်တော်တို့ စနစ်တစ်ခုဖန်တီးဖို့ လိုအပ်သည်။ အမြင်နှင့် အပြောမှသည် စီမံခြင်း နှင့် စိတ်ကူးခြင်းအထိ၊ ကရုဏာတရားမှ သည် ဖန်တီးနိုင်စွမ်းအထိ လူသားတို့၏ အသိအမြင်ဆိုင်ရာ စွမ်းဆောင်ရည်များအားလုံးကို အရင်ဆုံး တုပ၊ နောက်ပိုင်း သာလွန်သွားစေမည့် စနစ်ဖြစ်သည်”ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် ဉာဏ်ရည်တု နည်းပညာတို့ကို ဖန်တီးခဲ့ကြသည့်၊ ဖန်တီးနေကြသည့် ပညာရှင်တို့သည် ရှေ့တွင်တင်ပြခဲ့သည့် အေအိုင်၏ လုပ်ဆောင်နိုင်စွမ်းတို့ထဲတွင် နောက်ဆုံး အဆင့် လုပ်ဆောင်နိုင်စွမ်းကို နဂိုကတည်းက ရည်မှန်းထားခဲ့ခြင်းဖြစ်ကြောင်း သိနိုင်သည်။ အထွေထွေဉာဏ်ရည်တုတို့၊ စူပါဉာဏ်ရည်တုတို့ဆိုသည်မှာ လုပ်ရင်းမှ တွေ့လာသည့် ရည်မှန်းချက် များမဟုတ်။ စကတည်းကရှိခဲ့သည့် ရည်မှန်းချက်များ ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာလည်း မထူး ဆန်း။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက သဘောကျခဲ့သည့် တာမင်နေတာလို သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကားများထဲမှ ပြဒါးလူသားတို့လိုမျိုး စက်ရုပ်များသည် ထိုသို့သော စွမ်းရည်မျိုး ပိုင်ဆိုင်ထား ကြသည် မဟုတ်ပါလား။
လက်ရှိအချိန်တွင် ကျွန်တော်တို့လို သာမန်လူတို့သည် အေအိုင်နည်းပညာနှင့် စတင်ယဉ်ပါးခါစသာ ရှိသေးသည်။ ပညာရှင်လောကထဲတွင်မူ ဉာဏ်ရည်တုနည်းပညာသည် အေဂျီအိုင်ဟုခေါ်သည့် အထွေထွေဉာဏ်ရည်တုနည်းပညာထဲသို့ စတင်ချင်းနင်းဝင်ရောက်နေချိန်ဟု ဆိုနိုင်သည်။ ရှေ့တွင် ဖော်ပြခဲ့သည့် အေအိုင်လုပ်နိုင်စွမ်းနှင့် လုပ်ပိုင်ခွင့်အဆင့်ဆင့်များထဲတွင် ထိုသို့ ချင်းနင်း ဝင်ရောက် မှုကို မြင်နိုင်နေပြီဖြစ်ရာ အကျယ်တဝင့်ထပ်မပြောတော့ပါ။ အန္တရာယ်များအနေဖြင့် အလွဲသုံးခြင်း၊ အလိုင်းမင်းလွဲခြင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ အန္တရာယ်တို့အကြောင်းကိုသာ ဆက်လက်ဆွေးနွေး သွားပါမည်။
လက်ရှိ နည်းပညာအဆင့်အထိ အဓိကအန္တရာယ်မှာ အလွဲသုံးခြင်းဖြစ်သည်။ ပြဿနာမှာ နည်းပညာမဟုတ်သေးဘဲ နည်းပညာကိုအသုံးချသည့် လူသားဖြစ်သည်။ ယင်းမှာ နည်းပညာ တိုင်းတွင် ကြုံရသည့် အန္တရာယ်ဖြစ်သည်။ မည်သည့် နည်းပညာကိုမဆို မကောင်း သည့်ဘက်တွင် အသုံးချလိုသူများ အမှန်တကယ်ရှိခဲ့ပြီး ထိုအန္တရာယ်တို့ကိုလည်း အမှန်တကယ် ကြုံခဲ့ကြရသည်။ ယခုအချိန်တွင်လည်း အေအိုင်နည်းပညာအသုံးပြုကာ အသံတု၊ ဗီဒီယိုအတုများဖြင့် လိမ်လည်ခြင်း၊ ငွေညှစ်ခြင်းတို့ကို စတင်မြင်တွေ့နေရပြီဖြစ်သည်။ ပုံအတု၊ ဗီဒီယိုအတု၊ သတင်းအတုလုပ်ခြင်းတို့မှာ လူမှုမီဒီယာများပေါ်တွင် ထူးဆန်းသောကိစ္စမဟုတ်တော့ဟုပင် ဆို၍ရနေပြီ။ ပေါ်ဦးစ အေဂျီအိုင် (Emerging AGI)နှင့် အသင့်အတင့်သော အေဂျီအိုင်(Compet-ent AGI)အဆင့်များတွင်၊ တစ်နည်း အားဖြင့် ကျွမ်းကျင်သူ အေဂျီအိုင် (Expert AGI)အဆင့် မရောက်ခင်အထိ အဆိုပါ လူသားနှင့်ဆိုင် သော ပြဿနာမျိုးသာ ရှိနိုင်သေးသည်ဟု ပညာရှင်များက သုံးသပ်ထားကြသည်။ အလွဲသုံးခြင်း အပြင် မတော်တဆမှုများနှင့် မလိုမုန်းထားမှုများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ ဤအဆင့် တွင် ဆိုက်ဘာတိုက်ခိုက်မှုများ အားကောင်းလာနိုင်သည်လည်း ရှိသည်။ သာမန်အဆင့် ဟက်ကာ တစ်ယောက်သည်ပင်လျှင် အေအိုင်၏ အကူအညီဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်လာနိုင်သည်။
ထို့ကြောင့် လက်ရှိအနေအထားအထိ ကန့်သတ်ထိန်းချုပ်မှုမှာ နည်းပညာကို ထိန်းချုပ်နိုင်စွမ်းရှိနေ ပြီး လူသားတို့၏ အမှားနှင့် အလွဲသုံးမှုတို့၏ အန္တရာယ်တို့က ပိုများသည်ကို တွေ့နိုင်သည်။ နည်းပညာအန္တရာယ်ဟူ၍ နည်းပညာတိုင်းတွင် ကြုံရလေ့ရှိသော အလုပ်အကိုင်အပြောင်းအလဲများ သာရှိသည်။ တစ်ခုရှိသည်မှာ အေအိုင်ကြောင့် အလုပ်အကိုင်နေရာဖယ်ပေးလိုက်ရခြင်းတို့သည် လူ့အဖွဲ့အစည်းက အလုပ်အကိုင်သစ်များ ပြန်လည်ဖန်တီးပေးနိုင်သည်ထက် ပိုမြန်နေနိုင်သည့် ကိစ္စဖြစ်သည်။ ထိုအန္တရာယ်ကတော့ လက်ရှိတွင်လည်း စတင်နေပြီဖြစ်ပြီး မကြာခင်ကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် မြင်လာရတော့မည့်အန္တရာယ် ဖြစ်သည်။
နောက်ဆုံးတစ်ခုမှာ ပါဝါပြန်လည်ဖြန့်ဝေမှုဖြစ်သည်။ နည်းပညာတိုင်းက လုပ်လေ့ရှိသည့် ပါဝါ ပြန်လည်ဖြန့်ဝေမှုကို အေအိုင်နည်းပညာက ပိုမိုကျယ်ပြန့်စွာလုပ်နိုင်ကြောင်း မြင်နေရပြီဖြစ်သည်။ လက်ရှိအချိန်အထိတော့ ပါဝါဗဟိုချက် စုသွားခြင်းမျိုးကို ပိုမြင်နေရသည်။ အွန်လိုင်းပေါ်တွင် အေအိုင်ကို လူတိုင်းသုံးနိုင်သည့် နည်းပညာတစ်ခုအဖြစ် မြင်လာရခြင်းကြောင့် အေအိုင်သည် အများပြည်သူ ထံ ပါဝါဖြန့်ဝေပေးသော နည်းပညာဟု ဆိုကောင်းဆိုနိုင်မည်။ လက်ရှိ အေအိုင်ကို မကောင်းသည့်နေရာတွင်ရော ကောင်းသည့် နေရာတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြခြင်းမှာ လည်း မှန်သည်။ သို့သော် နောက်ကွယ်တွင် ပါဝါဗဟိုချက်ပြုခြင်းမှာလည်း ပိုမိုအားကောင်းလာ သည်ကို အထင်အရှားမြင်နေရသည်။ ထိုအကြောင်းများကို နောက်တစ်ပတ်တွင် ဆက်လက် ဆွေးနွေးသွားပါမည်။

No comments