ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး



နေပြည်တော် မေ ၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးထိန်လင်းနှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ် ဘုရင့်နောင်ပန်းခြံသို့ ရောက်ရှိကြပြီး ရှင်းလင်းဆောင် ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က၂၀၂၅ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံတော်အကြီးအကဲ လှိုင်သာယာ မြို့နယ်သို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အနော်ရထာစက်မှုဇုန်အတွင်း ဧရာဝတီလမ်းတစ်လျှောက် ဆက်သွယ်ရေးကြိုးများ စနစ်တကျ ဖြစ်စေရေးဆောင်ရွက်ထားရှိမှု၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဝဲယာတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်း စစ်ဆေးတိုင်းတာမှုများပြုလုပ်ပြီး ဇလားပုံရေမြောင်းများ ဖောက်လုပ်လျက်ရှိမှု အခြေအနေများ၊ လှိုင်သာယာမြို့နယ် ရွှေပြည်သာတံတားလမ်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုနှင့် လှိုင်မြစ်ထွက်ပေါက် ရေတံခါးများ ဆောက်လုပ်ထားရှိမှု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ညောင်တုန်း လမ်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ လမ်းမကြီးများတိုးချဲ့ရာတွင် ရွှေ့ပြောင်းရန်လိုအပ်သည့် လျှပ်စစ်မီးတိုင်များနှင့် ဆက်သွယ် ရေးတိုင်များအား ရွှေ့ပြောင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းဘေးဝဲယာများ တစ်လျှောက် သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ မြို့ပြအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး အတွက် လမ်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ RC Box Culvert များ တည်ဆောက်ထားရှိမှု၊ တံတားများ တိုးချဲ့တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်

တင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ရန်ကုန်မြို့အတွင်း လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျ ဖြစ်စေရေးနှင့် အန္တရာယ်ကင်းရှင်းမှုရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းမကြီးများ တစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျတွက်ချက်ပြီး ဆောင်ရွက်သွားရန် လိုသကဲ့သို့ ရပ်ကွက်များ အတွင်း၌လည်း ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရေမြောင်းများဖောက် လုပ်ရာတွင် လည်း ရေစီးဆင်းမှုများ အဆင်ပြေစေရန်အတွက် စနစ်တကျ ဆောက်လုပ်ရန်လိုကြောင်း၊ ရေစီးရေလာများ ကောင်းမွန်မှသာ အနံ့အသက်ဆိုးများ ထွက်ရှိမှုလျော့နည်းသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ကိုက်ညီကာ သန့်ရှင်းသာယာသည့် ပတ်ဝန်း ကျင်ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် မိုးရာသီသို့မရောက်ရှိမီ အချိန်မီပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း ရေမြောင်းများပိတ်ဆို့မှုမရှိစေရေးအတွက် ရေဆိုးထုတ်စနစ်များ ကောင်းမွန်အောင် စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် အမှိုက်စွန့်ပစ်သည့်စနစ်များ ကို စနစ်တကျဖြင့် အဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပြဖွံ့ဖြိုး သာယာလှပရေးအတွက်ပါ စနစ်တကျတွက်ချက် ဆောက်လုပ်သွားရန်လိုကြောင်း၊ လမ်းများ တိုးချဲ့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူသွားလမ်း ပလက်ဖောင်းများ စနစ်တကျ ထည့်သွင်း တည်ဆောက်သွားရန်နှင့် ရေနုတ်မြောင်းများကိုလည်း စနစ်တကျ ထည့်သွင်းဖောက်လုပ်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့ အတွင်း ယာဉ်သွားလာမှုများ ပိုမိုလွယ်ကူလျင်မြန်စွာဖြင့် သွားလာနိုင်ရေး လမ်းများတိုးချဲ့အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်သွားရန်နှင့် ယာဉ်များစနစ်တကျသွားလာနိုင်ရေး လမ်းညွှန် အမှတ်အသားများအား သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းတည်ဆောက်သွားရန် လိုကြောင်း။


ရေစီးရေလာကောင်းမွန်စေရေးသုတေသနပြုဆောင်ရွက်

လှိုင်သာယာမြို့နယ် သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာများ ကောင်းမွန်ရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ အနေဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်၏ မြို့ပြစနစ်အား စနစ်တကျဖြစ်စေရေး Town Plan ကို စနစ်တကျ တွက်ချက်ရေးဆွဲဆောင်ရွက် သွားရန်လိုကြောင်း၊ မြို့ပြများအသစ်တည်ဆောက်ရာ၌ Town Plan ရေးဆွဲရာတွင် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာ အင်ဂျင်နီယာဌာနများမှ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းသုတေသနပြု၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုရှိစေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သတ်မှတ် ထားသည့် စည်းကမ်းများအား လိုက်နာမှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက် သွားရန်လိုကြောင်း၊ မြို့ပြလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ တွက်ချက်ဆောင်ရွက် သွားကြရန်လိုပြီး အများပြည်သူများ အပန်းဖြေသည့် ပန်းခြံများ၊ ဥယျာဉ်များနှင့် အားကစားကွင်းများ တည်ဆောက် ရာတွင် မြို့ပြတွင်နေထိုင်သည့် လူဦးရေအပေါ်တွင် မူတည်တွက်ချက်၍ တည်ဆောက်သွားရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို မှာကြားသည်။


ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ရေနုတ်မြောင်းနှင့် ပလက်ဖောင်းအကြား၌ အရိပ်ရပင်များ စိုက်ပျိုးသွားရန်၊ ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက် မပြတ် ပြုပြင်ထိန်းသိမ်းဆောင် ရွက်သွားရန်နှင့် အခြားလိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။


ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် ဗိုလ်အောင် ကျော်လမ်း၊ ညောင်တုန်းလမ်း၊ တပင်ရွှေထီးလမ်း၊ ကနောင်မင်းသားကြီးလမ်း၊ ခရေပင်လမ်းတစ်လျှောက် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းအင်္ဂါရပ် နှင့်အညီ ဖြစ်စေရေးဆောင်ရွက်ထားရှိမှု၊ ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းတစ်လျှောက် ရေနုတ်မြောင်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ လမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားတိုင်များအား ရွှေ့ပြောင်းဆောင်ရွက်ထားရှိမှု နှင့် လမ်းများ အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ မင်္ဂလာဒုံမြို့နယ် လှော်ကားလမ်း၊ ပြည်လမ်း၊ နွယ်ခွေလမ်းမှတစ်ဆင့် အမှတ်(၃)လမ်းမကြီး မြောက်ဥက္ကလာပ မြို့နယ် သုဓမ္မာလမ်းတစ်လျှောက် လမ်းနယ်အတွင်း ကျူးကျော် ရောက်ရှိနေသည့် အခိုင်အမာ အဖီအဆွယ် ဈေးဆိုင်ခန်းများအား စနစ်တကျဖြစ်စေရေးနှင့် လမ်း နယ်နိမိတ် ပြင်ပသို့ ပြန်လည်ရွှေ့ပြောင်းပြီးစီးမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မော်တော်ကားလမ်းများ လမ်းနယ်နိမိတ် စနစ်တကျဖြစ်စေရေး၊ လမ်းအင်္ဂါရပ်နှင့် အညီဖြစ်စေရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



No comments

Powered by Blogger.