ပါကစ္စတန်နိုင်ငံရောက်အာဖဂန်အကျဉ်းသား ၄၉၁ ဦး၊ အာဖဂန်ဒုက္ခသည် ၄၇၇၂ ဦး နေရပ်ပြန်လာ
မေ ၇
ပါကစ္စတန်နိုင်ငံရောက်အာဖဂန်အကျဉ်းသား ၄၉၁ ဦးနှင့် အာဖဂန်ဒုက္ခသည် ၄၇၇၂ ဦးသည် အိမ်နီးချင်းပါကစ္စတန်မှ ၎င်းတို့၏ဇာတိမြေသို့ ပြန်လာကြပြီဖြစ်ကြောင်း အာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပါကစ္စတန်နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသူများသည် တောင်ပိုင်းကန်ဒါဟာပြည်နယ်ရှိ Spin Boldak နယ်စပ်ဖြတ်ကျော်ဂိတ်နှင့် အရှေ့ပိုင်းနန်ဂါဟာပြည်နယ်ရှိ Torkham နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် နေရပ်ပြန်ခဲ့ကြကြောင်း ဒုက္ခသည်များနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
အလားတူ ယင်းနေ့တစ်ရက်တည်းတွင် အာဖဂန်ဒုက္ခသည် ၄၇၇၂ ဦးသည် ပါကစ္စတန်မှ ၎င်းတို့၏ဇာတိမြေသို့ ပြန်လာကြကြောင်း နေရပ်ပြန်လာသူများပြဿနာများကို ဖြေရှင်းရေးဆိုင်ရာ မဟာမင်းကြီးရုံးက သတင်းထုတ်ပြန်ခဲ့သည်။
နေရပ်ပြန်လာသူများနှင့် ထိန်းသိမ်းခံထားရသူများသည် ပြန်လည်ပေါင်းစည်းရေးအတွက် ၎င်းတို့၏ဇာတိမြေပြည်နယ်များသို့ ပို့ဆောင်ခြင်းမပြုမီ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရရှိခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်အတွင်း အာဖဂန်ဒုက္ခသည် သုံးသန်းနီးပါးသည် အိမ်နီးချင်းအီရန်နှင့် ပါကစ္စတန်နိုင်ငံတို့မှ နေရပ်ပြန်လာခဲ့ကြကြောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments