ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ တက်ရောက်
နေပြည်တော် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့
အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက
အဆိုပါ ဒီဂရီကောလိပ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ
စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်ထိ
ဝိဇ္ဇာဘွဲ့ ၇၃၁ ဦး၊ သိပ္ပံဘွဲ့ ၁၅၅၂ ဦး၊ B.Tech ဘွဲ့ ၁၃၅ ဦး၊ AGTI ဒီပလိုမာ ၁၁၂၃ ဦး
စုစုပေါင်း ၃၅၄၁ ဦးတို့ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လေ့လာမှုများကြောင့်
ယခုအခါ မဟာဝိဇ္ဇာဘွဲ့ ၇၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၄၇ ဦး၊ M.Res ဘွဲ့ ၅၅ ဦး၊ Ph.D ဘွဲ့ ၁၇
ဦး၊ B.E ဘွဲ့ ၃၀၁ ဦး၊ M.E ဘွဲ့ ၁၅ ဦး၊ B.Tech ၄၅၂ ဦး ရှိလာသည်မှာ အားရကျေနပ်ဖွယ်ဖြစ်ပါကြောင်း
ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ဝိဇ္ဇာဘာသာနှင့်
သိပ္ပံဘာသာထူးချွန်ဆုရ ကျောင်းသားများအား ထူးချွန်ဆုများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား
အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
ထို့နောက် အဆိုပါဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌
ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးပြီး
ကောလိပ် မိုးလုံလေလုံအားကစားရုံ၊ လေးထပ် အင်ဂျင်နီယာအလုပ်ရုံ၊ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်၊
အိပ်ဆောင်များနှင့် သုံးထပ်ကျောင်းသူအိပ်ဆောင် တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ
ဗဟိုလေ့ကျင့်ရေးကျောင်းနှင့် ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၌ ယန္တရားကြီးများနှင့်
ထောက်ပံ့ရေးပစ္စည်းများ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments