အာဖဂန်လူမျိုး ၁၃ သန်းကျော် စားရေရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရ



မေ ၁၂

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအခက်အခဲများ၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ရာသီဥတုဆိုင်ရာပြဿနာများသည် အသက်မွေးဝမ်းကျောင်းမှုများကို ဆက်လက်ထိခိုက်စေသောကြောင့် နိုင်ငံရှိ လူဦးရေ ၁၃ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့်ကြုံတွေ့နေရသည်ဟု အာဖဂန်နစ္စတန်နိုင်ငံရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးခဲ့သည်။

နေထိုင်စရိတ်များ မြင့်တက်လာခြင်းနှင့် မကြာသေးမီက ဒေသတွင်းတင်းမာမှုများသည် စားရေရိက္ခာဈေးနှုန်းများ မြင့်တက်လာစေပြီး အကူအညီလိုသောမိသားစုများအတွက် အခြေအနေများကို ပိုမိုဆိုးရွားစေကြောင်း ဒေသတွင်းထုတ်လွှင့်သည့် Tolo သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

အမျိုးသမီးများနှင့် ကလေးများတွင် အာဟာရချို့တဲ့မှုကို ကုသရန်အသုံးပြုသည့် အထူးပြုအာဟာရပြည့်ဝသော အစားအစာများ ထောက်ပံ့မှု သိသိသာသာကျဆင်းလာခြင်းအပေါ် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း စိုးရိမ်ပူပန်ကြောင်းဖော်ပြခဲ့ပြီး စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖိအားများမြင့်တက်လာခြင်းသည် အကူအညီပေးရေး လုပ်ငန်းများကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ အာဖဂန်နစ္စတန်နိုင်ငံရှိ လူဦးရေ ၁၃ ဒသမ ၈ သန်းခန့်သည် ပြင်းထန်သော စားရေရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရပြီး ကလေးဦးရေ ငါးသန်းနီးပါးနှင့် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်များသည် အာဟာရချို့တဲ့မှု ခံစားနေရသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.