နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်

 



နေပြည်တော် မေ ၄


နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းများနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၁၉ ကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းတို့အား ယနေ့နံနက်ပိုင်းတွင် သင်တန်း ကျောင်းအသီးသီး၌ ဖွင့်လှစ်သည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ လွိုင်ကော်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဘားအံမြို့ စက်မှုသင်တန်းကျောင်းနှင့် အိမ်တွင်းမှု သင်တန်းကျောင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အောင်ပန်းမြို့ စက်မှုသင်တန်းကျောင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ထားဝယ်မြို့ စက်မှုသင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ လဟယ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း၊ ဆိုက်ခေါင် အိမ်တွင်းမှုသင်တန်းကျောင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ကျိုင်းတုံမြို့ အိမ်တွင်းမှု သင်တန်းကျောင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုး၊ မြိုင်ကြီးငူ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း၊ ခန္တီးမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်တို့ တက်ရောက် ဖွင့်လှစ်ပေးပြီး ကျန်သင်တန်း ကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးသည်။


အဆိုပါ စက်မှုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းများတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ ဆောက်လုပ်ရေးသင်တန်းသား ၁၄ ဦး၊ လျှပ်စစ်သင်တန်းသား ၃၅ ဦး၊ ဂဟေသင်တန်းသား ၃၅ ဦး၊ မော်တော်ယာဉ်စက်ပြင် သင်တန်းသား ၄၁ ဦး၊ လက်ကိုင် ဖုန်းပြင် သင်တန်းသား ၁၅ ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်းသူ ၄၇၅ ဦး၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများတွင် သင်တန်းသား သင်တန်းသူ ၅၅ ဦး စုစုပေါင်း ၆၇၀ တက်ရောက် ၍ မေ ၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ရက်သတ္တ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံး ပစ္စည်းများ အခမဲ့ထောက်ပံ့ပေး သွားမည်ဖြစ်သည်။


နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ စက်မှုကျောင်းများတွင် သင်တန်းသား သင်တန်းသူ ၇၀၅၈ ဦးနှင့် အိမ်တွင်းမှု သင်တန်းကျောင်းများတွင် သင်တန်းသူ ၉၈၁၄၈ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.