မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးက အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၃၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၂ ခုကို ခွင့်ပြု
နေပြည်တော် မေ ၂၉
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏
(၄/၂၀၂၆) ကြိမ် မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅)
အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လက်ရှိ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏
မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းအသစ် တစ်ခုကို လည်းကောင်း၊ စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်
ရှစ်ခုကို လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေး ကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် သုံးခုတို့ကိုလည်းကောင်း
ခွင့်ပြု ပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ
၄၇ ဒသမ ၆၀၅ သန်းနှင့် ငွေကျပ် ၂၉၉၇၇၃ ဒသမ ၆၃၉ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း
၄၈၇၉ ဦးအား ဖန်တီးပေး နိုင်မည်ဖြစ်သည်။
ယနေ့ အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများမှာ
ရေနံထုတ်လုပ်ခြင်းလုပ်ငန်း၊ အဆင့်မြင့် ဟိုတယ်နှင့် ဈေးဝယ် စင်တာလုပ်ငန်း၊ ဆိပ်ကမ်း
ဝန်ဆောင်မှုလုပ်ငန်း၊ တိရစ္ဆာန် အစာ ထုတ်လုပ်ခြင်း လုပ်ငန်း၊ ဝါစိုက်ပျိုးခြင်း၊ ဆီသန့်ထုတ်လုပ်ခြင်းနှင့်
သိုးဆိတ်မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘီစကွတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊
ပေါင်မုန့်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး
ရောင်းချခြင်းလုပ်ငန်း၊ မော်တော်ဆိုင်ကယ် ကျွတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊
ဆံပင်တုထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ အလူမီနီယံ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းနှင့်
အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့လည်း
ပါဝင်သည်။
၂၀၂၆ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံထား သည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော
နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်
ဓာတ်အား ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ ၂၈ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့်
လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၁၄ ဒသမ ၆၈ ရာခိုင်နှုန်း
ဖြင့်လည်းကောင်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည်
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား
စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီး မြှုပ်နှံသူများအတွက်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments