ကရင်ပြည်နယ်၌ ပျားမွေးမြူရေးပညာပေးသင်တန်း လေးကြိမ် ဖွင့်လှစ်မည်
ဘားအံ မေ ၁၅
တောင်သူများ စနစ်တကျ ပျားမွေးမြူတတ်စေရန် ပျားမွေးမြူရေးပညာပေးသင်တန်း လေးကြိမ်ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ နိုင်းကြာကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်သည့် ပျားမွေးမြူရေးပညာပေးသင်တန်းမှ သိရသည်။
သင်တန်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင်ဦးက အမှာစကားပြောကြားပြီး ပျားမွေးမြူရေးပညာပေးသင်တန်း သင်ထောက်ကူပစ္စည်းများနှင့် ပျားမွေးမြူရေးထုတ်ကုန်များကို ကြည့်ရှုအားပေးသည်။
အဆိုပါသင်တန်းတွင် ပျာအုံတစ်အုံ၏ ဖွဲ့စည်းပုံ၊ ပျားအုံကိုင်တွယ်ထိန်းသိမ်းပုံ၊ ပျားဖြင့် ဝတ်မှုန်ကူးပေးပုံ၊ သီးနှံ အထွက်တိုးပုံများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး ကျေးရွာ ရှစ်ရွာမှ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည် ဖြစ်သည်။
ဆုများပေးအပ်
ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တို့ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ဆက်လုပ်သား အဆင့် (၁) သင်တန်းဆင်းပွဲသို့တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments