အီဘိုလာရောဂါသတိရှိကြရန် ကမ္ဘောဒီးယားအစိုးရက ပြည်သူများအားတိုက်တွန်းပြောကြား
မေ ၁၈
ကမ္ဘောဒီးယားအစိုးရက အီဘိုလာရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် ပြည်သူလူထုအား တိုက်တွန်းပြောကြားထားသော်လည်း နိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုး တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။
အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး ယူဂန်ဒါနိုင်ငံတွင်လည်း ဗိုင်းရပ်စ်ပျံ့နှံ့ခဲ့ပြီး ရောဂါကူးစက်မှုများနှင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ယမန်နေ့က ကြေညာပြီးနောက်တွင် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။
ကမ္ဘောဒီးယားတွင် ယနေ့အထိ အီဘိုလာရောဂါဖြစ်ပွားမှု တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုထံသို့ လူမှုမီဒီယာပလက်ဖောင်းများမှတစ်ဆင့် အသိပညာနှင့် လမ်းညွှန်ချက်များကို ဖြန့်ဝေပေးလျက်ရှိသည်ဟု သိရသည်။
သံသယဖြစ်ဖွယ်ရောဂါများဖြစ်ပွားပါက ကာကွယ်တားဆီးရေးနှင့် ချက်ချင်းတုံ့ပြန်ရေးအတွက် လိုအပ်သောအစီအမံများကို ထိုဝန်ကြီးဌာနက ပြင်ဆင်ထားကြောင်း ကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။
အီဘိုလာရောဂါသည် ပြင်းထန်ပြီး အသက်ဆုံးရှုံးစေနိုင်သော အလွန်ကူးစက်လွယ်သည့်ရောဂါဖြစ်ပြီး အချိန်မီကုသမှုမခံယူပါက သေဆုံးမှုနှုန်းမှာ ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ မြင့်မားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments