မကွေးမြို့၌ အောင်သစ်လွင်ဈေးသစ် ဖွင့်လှစ်

 


မကွေး မေ ၇

 

မကွေးတိုင်းဒေသကြီး မကွေးမြို့ အောင်မေတ္တာရပ်ကွက် သစ်တောလမ်းရှိ အောင်သစ်လွင် ဈေးသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါဈေးသစ် တည်ရှိရာနေရာ၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် အခြေခံလိုအပ်ချက်များ ဖြစ်သည့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အခြေခံအဆောက်အအုံများ ပြည့်စုံစေရန် ပြည်သူ့အသံကို နားထောင်၍ အစဉ်တစိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခု အောင်သစ်လွင်ဈေးသစ်ကြီးသည် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ထဲမှ အဓိကကျသော အဆောက်အအုံတစ်ခုဖြစ်သည့်အတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက အောင်သစ်လွင်ဈေး တည်ဆောက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဈေးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပွဲတွင် ကူညီပါဝင် အားဖြည့်ပေးသော ပန်းဖွားအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများပေးအပ်ကာ ဈေးသစ်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)

No comments

Powered by Blogger.