ဂျပန်နိုင်ငံ၌မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘေးအန္တရာယ်များ မြင့်တက်လာနိုင်



မေ ၂၇

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘေးအန္တရာယ်များ မြင့်တက်လာနိုင်ကြောင်း  မိုးလေဝသတာဝန်ရှိသူများက သတိပေး ပြောကြားထားသည်။

ဂျပန်မိုးလေဝသအေဂျင်စီက နွေးထွေးစိုစွတ်သောလေသည် လေဖိအားနည်းရပ်ဝန်းတစ်ခုထဲသို့ စီးဆင်းလျက်ရှိကာ လေထုအခြေအနေများ မတည်မငြိမ်ဖြစ်စေပြီး ကျူရှူးဒေသ၏ တောင်ပိုင်းတွင် ဒေသတွင်း မိုးတိမ်များ ဖြစ်ပေါ်လာစေခဲ့သည်ဟု ဆိုသည်။

ကာဂိုရှီးမားရှိ ကာနိုယာမြို့တွင် မေ ၂၇ ရက် မနက် ၅ နာရီမှတစ်နာရီအတွင်း မိုးရေချိန် ၃၄ ဒသမ ၅ မီလီမီတာ သည်းထန်စွာရွာသွန်းခဲ့သည်။ မေ ၂၇ ရက် ညနေပိုင်းအထိ မိုးကြိုးပစ်ခြင်းနှင့်အတူ ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြုံတွေ့ရဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အာမာမီဒေသအပါအဝင် ကာဂိုရှီးမားစီရင်စုတွင် ညနေပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းကာ မိုးတိမ်များ ဖြစ်ပေါ်နိုင်ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကဲ့သို့သော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ခြေကို လျင်မြန်စွာ မြင့်တက်စေနိုင်သည်ဟု အေဂျင်စီကဆိုသည်။

ထိုစီရင်စုတွင်  မေ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၁၅၀ မီလီမီတာအထိ ရွာသွန်းမည်ဟု မျှော်လင့်ရပြီး မိုးသည်းထန်စွာရွာသွန်းကာ မိုးတိမ်များ ဖြစ်ပေါ်ပါက မိုးရေချိန် မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားသည်။

မြေပြိုမှုများကို သတိပြုရန်၊ မြေနိမ့်ဒေသများနှင့် မြစ်ရေလျှံမှုများတွင် ရေကြီးရေလျှံမှုများ၊ မိုးကြိုးပစ်မှုများနှင့် လေပြင်းတိုက်ခတ်မှုများကို သတိပြုရန် အေဂျင်စီက ပြည်သူများအား တိုက်တွန်းပြောကြားလျက်ရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.