ပြည်သူ့ဘဝလုံခြုံရေးကို အာမခံမည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေသစ်
ဝေယံလူ
ယနေ့ခေတ်ကာလမှာ
နည်းပညာတွေ အရှိန်အဟုန်နဲ့တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ တစ်ဦး ချင်းစီရဲ့
နေ့စဉ်လူမှုစီးပွားဘဝတွေအပြင် ကမ္ဘာကြီးတစ်ခုလုံးရဲ့ လည်ပတ်မှုစနစ်တွေအထိ အင်တာနက်နဲ့
ဒစ်ဂျစ်တယ်ကွန်ရက်တွေအပေါ်မှာ အပြည့်အဝ မှီခိုနေရတဲ့အခြေအနေကို ရောက်ရှိလာနေပါတယ်။
နည်းပညာရဲ့တိုးတက်မှုကနေ လျင်မြန်မှု၊ အဆင်ပြေလွယ်ကူမှု စတဲ့ အကျိုးကျေးဇူးကောင်းတွေ
အများကြီးရရှိလာပေမယ့်လည်း တစ်ဖက်မှာတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ၊
အန္တရာယ်တွေက ဒွန်တွဲပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအန္တရာယ်တွေထဲမှာမှ
အဆိုးရွားဆုံးနဲ့ အများဆုံးကြုံတွေ့နေရတာကတော့ အွန်လိုင်း ကနေတစ်ဆင့်
လိမ်လည်လှည့်ဖျားတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ(Cyber Scams)ပဲ ဖြစ်ပါတယ်။
အခုဆိုရင်
ဒီလိုအွန်လိုင်းလိမ်လည်မှုတွေဟာ သာမန်ပြဿနာအဆင့်ကနေ ကျော်လွန်သွားပြီး
ကမ္ဘာတစ်ဝန်းလုံးမှာ အမြန်ဆုံးကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုလိုမျိုး
အလွန်ဆိုးရွားစွာ ဖြစ်ပေါ်လာနေတာကို တွေ့ရပါတယ်။ ဒီဆိုက်ဘာရာဇဝတ်ကောင်တွေဟာ
ပြည်သူလူထုရဲ့ နိစ္စဓူဝ ပင်ပန်းဆင်းရဲစွာ ရှာဖွေစုဆောင်းထားရတဲ့
ချွေးနှဲစာငွေကြေးတွေကို မသမာတဲ့ နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်ယူငင်နေကြရုံသာ မကဘဲ
ပြည်သူတွေရဲ့ အေးချမ်းတဲ့လူမှုစီးပွားဘဝတွေနဲ့ အသက် အန္တရာယ်ကိုပါ ပြိုလဲသွားအောင်
ကြီးမားစွာ ခြိမ်းခြောက်ဖျက်ဆီးလာနေပြီ ဖြစ်ပါတယ်။
ဒီလိုမျိုးပြည်သူတွေအနေနဲ့
အွန်လိုင်းပေါ်မှာ ငွေလိမ်ခံရပြီး နစ်နာဆုံးရှုံးနေရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို
နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လိုမှလျစ်လျူရှုပြီး လက်ပိုက်ကြည့်နေနိုင်မှာ
မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူတွေ ထပ်မံမနစ်နာရအောင်နဲ့ အွန်လိုင်းပေါ်မှာ လုံခြုံစိတ်ချရ
အောင် နိုင်ငံတကာအဆင့်မီခိုင်မာတဲ့ ကာကွယ်တားဆီးရေးယန္တရားတစ်ခုကို
အချိန်နှောင့်နှေး ကြန့်ကြာမှုလုံးဝမရှိစေဘဲ အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင်
အထူးဦးစားပေးပြီး အကောင် အထည်ဖော် ဆောင်ရွက်နေပါတယ်။
ဒီလိုမျိုး
ပြည်သူလူထုရဲ့အကျိုးစီးပွားကို အမှန်တကယ်အလေးထားပြီး ကြိုးပမ်းဆောင်ရွက်နေ
တယ်ဆိုတဲ့ သက်သေတစ်ခုအနေနဲ့ “အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေ”
ဆိုတဲ့ ဥပဒေသစ်တစ်ခုကို မူကြမ်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းကို ပြည်သူတွေ
ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ
နိုင်ငံပိုင် သတင်းစာတွေ၊ မီဒီယာတွေကနေ အများပြည်သူသိအောင် တရားဝင်မိတ်ဆက် ထုတ်ပြန်ပေးခဲ့ပြီပဲ
ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီဥပဒေကြမ်းထဲမှာ ဘာတွေပါဝင်သလဲဆိုတာကို ကြိုတင်ဖတ်ရှု
လေ့လာပြီး အကျိုးရှိမယ့်အကြံဉာဏ်တွေနဲ့ သဘောထားမှတ်ချက်တွေကို ပြည်ထောင်စုလွှတ်တော်ရုံး၊
ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တွေဆီ
လိပ်မူပေးပို့နိုင်အောင် အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ကြိုတင်အသိ
ပေးထားပြီးဖြစ်ပါတယ်။
တကယ်တော့
ဒီလိုအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေကြီး ပေါ်ထွက်လာမယ်ဆိုရင် ပြည်သူတွေရဲ့
အသက်အိုးအိမ်စည်းစိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဆိုက်ဘာရာဇဝတ်ကောင်တွေရဲ့ ရန်ကနေ
အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် ဒါဟာ
ကမ္ဘာ့နိုင်ငံတွေအလယ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အင်တာနက်နဲ့
ဒစ်ဂျစ်တယ်လုံခြုံရေးစနစ် အဆင့်အတန်းဟာ ဘယ်လောက်အထိ ခိုင်မာအားကောင်းနေပြီလဲဆိုတာကို
ပြသနိုင်မယ့် အလွန်ကို အရေးပါပြီး သမိုင်းဝင်လှတဲ့ ခြေလှမ်းသစ်တစ်ရပ်လို့
ဆိုရမှာပဲ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းထဲမှာ
ရေးဆွဲပြဋ္ဌာန်းထားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို သေချာဂရုတစိုက် လေ့လာ ကြည့်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ နေ့စဉ်အသုံးပြုနေတဲ့
အွန်လိုင်းငွေပေးချေမှုစနစ်တွေ၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို
အသုံးပြုတဲ့အခါမှာ လိမ်လည်ခံရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ လုံးဝမရှိတော့ဘဲ
ရဲရဲဝံ့ဝံ့နဲ့ စိတ်ချလက်ချ အသုံးပြုနိုင်အောင် ဥပဒေအရ အခိုင်အမာ အကာအကွယ်ပေးထားတာပဲ
ဖြစ်ပါတယ်။
အစိုးရအနေနဲ့
ဒီဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြစ်မှုကျူးလွန်တဲ့ လိမ်လည်သူတွေကို
ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူရုံနဲ့ ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ပြည်သူတွေ
လိမ်လည် လှည့်ဖြားမှု ထပ်မခံရစေဖို့အတွက် ဘယ်လိုအရာတွေကို သတိထားရမယ်ဆိုတဲ့
ကြိုတင်ကာကွယ်ရေး အသိပညာပေး အစီအစဉ်တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးသွားမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာမှာလည်း လိမ်လည်သူတွေ ဝင်ရောက်မလာနိုင်အောင်
အစိုးရကိုယ်တိုင်က အနီးကပ်ကြီးကြပ်ပြီး တားဆီးပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ့်
အစီအမံကောင်းတွေ အများကြီး ပါဝင်နေတဲ့အတွက် ဒီဥပဒေသစ်ကြီးဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို
အပြည့်အဝ ကာကွယ်ပေးမယ့် တကယ့်ကိုစစ်မှန်တဲ့ “ဒစ်ဂျစ်တယ်အမိုးအကာ” တစ်ခု အသေအချာကို
ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။
ဥပဒေဆိုတာ
ပြစ်မှုဖြစ်မှ အရေးယူဖို့ထက် ကြိုတင်ကာကွယ်ဖို့က ပိုအရေးကြီးတဲ့အတွက် အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေး
ဥပဒေကြမ်းရဲ့ အခန်း(၇)မှာ ပြည်သူတွေရဲ့ ငွေကြေးတွေကို ဆိုက်ဘာ ရာဇဝတ်ကောင်တွေ
မခိုးယူနိုင်အောင် ခိုင်မာတဲ့ ကြိုတင်ကာကွယ်ရေးအစီအမံတွေ အထူးထည့်သွင်း ထားပါတယ်။
ဥပမာအားဖြင့် Mobile Pay အကောင့်ဖွင့်ရာတွင်
မှတ်ပုံတင်မူရင်းနဲ့ တိတိကျကျ စစ်ဆေးစေတာ၊ သံသယဖြစ်ဖွယ် ငွေလွှဲမှုတွေကို
ဘဏ်တွေကနေ ဗဟိုဌာနဆီကို ချက်ချင်း သတင်းပို့စေတာမျိုးတွေ လုပ်ဆောင်စေမှာပါ။
အဓိကအားဖြင့် လိမ်လည်သူတွေ လက်နက် သဖွယ် သုံးလေ့ရှိတဲ့ တရားမဝင်ဆင်းကတ်၊
ဆင်းဘောက်စ် (SIM Box)တွေနဲ့ အကောင့်တုတွေ ကို
စနစ်တကျ ပြတ်ပြတ်သားသား ပိတ်ဆို့သွားမှာဖြစ်လို့ ရာဇဝတ်ကောင်တွေအနေနဲ့ ခြေရာဖျောက်ဖို့
အလွန်ခက်ခဲသွားမှာပဲ ဖြစ်ပါတယ်။
ဒါဟာ
ပြည်သူတွေနေ့စဉ်အသုံးပြုနေတဲ့ နိုင်ငံရဲ့ အွန်လိုင်းစနစ်တစ်ခုလုံးကို အညစ်အကြေး
ကင်းစင်ပြီး သန့်စင်သွားအောင် လုပ်ဆောင်ပေးမယ့် နိုင်ငံတော်အကြီးအကဲရဲ့
ကြီးမားကျယ်ပြန့် လှတဲ့ အမြော်အမြင်နဲ့ ပြည်သူ့အပေါ်ထားရှိတဲ့ စေတနာကို
အထင်အရှားတွေ့မြင်ရခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ ချွေးနှဲစာတွေ
မဆုံးရှုံးစေဖို့အတွက် စောင့်ကြည့်တားဆီးခြင်းအပိုင်းမှာလည်း
နိုင်ငံတော်ဗဟိုဘဏ်လုပ်ငန်းတွေနဲ့ ဆက်သွယ်ရေးအော်ပရေတာတွေကို ဥပဒေကြောင်းအရ
ခိုင်ခိုင်မာမာ ချိတ်ဆက်ပူးပေါင်းစေခဲ့ပါတယ်။ ဒီလိုအချိတ်အဆက်မိမိနဲ့ ပူးပေါင်း
ဆောင်ရွက်စေတဲ့ အတွက်ကြောင့် မသင်္ကာစရာ၊ သံသယဖြစ်ဖွယ်ကောင်းတဲ့ ငွေကြေးစီးဆင်းမှုတွေအပြင်
ပြည်သူတွေကို လှည့်ဖြားလိမ်လည်နေတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာတို(SMS)တွေ ပေးပို့တာတွေကိုပါ လမ်းခုလတ်မှာတင် စနစ်တကျ အချိန်နဲ့တစ်ပြေးညီ
စောင့်ကြည့်ပြီး ထိထိရောက်ရောက် တားဆီးဟန့်တားပေးသွားတော့မှာ ဖြစ်ပါတယ်။
ဆိုက်ဘာလိမ်လည်မှုတွေကို
အမြစ်ပြတ် တိုက်ဖျက်နှိမ်နင်းရာမှာ အရင်ကတည်းက ကျွန်တော်တို့အတွက်
အဓိကအဟန့်အတားကြီး တစ်ခုဖြစ်နေခဲ့တာကတော့ သက်ဆိုင်ရာအစိုးရ ဌာနတွေနဲ့
ပုဂ္ဂလိကအဖွဲ့အစည်းတွေအကြားမှာ သတင်းအချက်အလက်စီးဆင်းမှုနဲ့ ချိတ်ဆက်
ဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာနေတာပဲ ဖြစ်ပါတယ်။ အခုအသစ်ရေးဆွဲထားတဲ့
ဥပဒေကြမ်း ရဲ့ အခန်း (၈) “သတင်းအချက်အလက်ဖလှယ်ခြင်း” ကဏ္ဍဟာဆိုရင်
အဲဒီလိုယခင်ကရှိခဲ့တဲ့ ဟာကွက် အားနည်းချက်တွေအားလုံးကို အလုံးစုံချေဖျက်ပေးလိုက်မယ့်
အရေးကြီးဆုံး အခန်းတစ်ခန်း ဖြစ်လာမှာပါ။
လက်တွေ့မြေပြင်မှာဆိုရင်
လိမ်လည်သူ ဆိုက်ဘာရာဇဝတ်ကောင်တွေဟာ သူတို့ရဲ့ ကွန်ရက်တွေကို စက္ကန့်နဲ့အမျှ အမြဲတမ်းပြောင်းလဲလှည့်စားပြီး
ပြစ်မှုတွေကို လျင်လျင်မြန်မြန် ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ
အစိုးရဌာနတွေ၊ ဘဏ်နဲ့ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အီလက်ထရောနစ်ငွေပေးချေမှု
ဝန်ဆောင်မှုပေးသူတွေနဲ့ ဆက်သွယ်ရေးအော်ပရေ တာတွေ၊ အင်တာနက်ဝန်ဆောင်မှုပေးသူတွေ
အားလုံးကြားမှာ သံသယဖြစ်ဖွယ်အကောင့်တွေနဲ့ ငွေကြေးစီးဆင်းမှု သတင်းအချက်အလက်တွေကို
ဗဟိုဒေတာစနစ် (Centralized Database) ကနေ တစ်ဆင့်
လျှပ်စီးလက်သလို မြန်မြန်ဆန်ဆန် ချိတ်ဆက်ဖလှယ်နိုင်ခြင်းဟာ ဒီတိုက်ပွဲကို အောင်ပွဲ
ခံနိုင်ရေးအတွက် အဓိကအကျဆုံးသော့ချက်ပဲ ဖြစ်ပါတယ်။
အွန်လိုင်းလိမ်လည်မှုတစ်ခု
ဖြစ်ပွားပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ပြည်သူတွေရဲ့ အဖိုးတန် လှတဲ့ငွေကြေးတွေ
ဆက်လက်မဆုံးရှုံးရအောင် အရေးပေါ်ကာကွယ်ပေးမယ့်စနစ်တစ်ခုကို ဒီဥပဒေ မှာ ခိုင်ခိုင်မာမာ
ပြဋ္ဌာန်းထားပါတယ်။ အရင်ကလိုမျိုး ဌာနတစ်ခုနဲ့တစ်ခုကြားမှာ အချိန်ဆွဲ ကြန့်ကြာနေ
တာမျိုး လုံးဝမရှိစေတော့ဘဲ ပြစ်မှုဖြစ်ပွားတာကို သိသိချင်းမှာပဲ
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဗဟိုဘဏ်၊ ပုဂ္ဂလိက ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့
ဆက်သွယ်ရေးအော်ပရေတာတွေ အားလုံးဟာ အချိတ်အဆက်မိမိ အတူတကွပူးပေါင်းပြီး သတင်း
အချက်အလက်တွေကို “အနီရောင်အဆင့် အရေး ပေါ်စနစ်’’ (Red Alert) သဖွယ် အထူးသတ်မှတ်ကာ အပြန်အလှန် လျင်လျင်မြန်မြန် ချိတ်ဆက်ဖလှယ် ကြမှာဖြစ်ပါတယ်။
သာမန်အားဖြင့်
ရာဇဝတ်ကောင်လိမ်လည်သူတွေရဲ့ထုံးစံက ပြည်သူတွေဆီကနေ လိမ်လည်လို့ ရလိုက်တဲ့
ငွေကြေးတွေကို အကောင့်တစ်ခုကနေ နောက်ထပ်အကောင့်တစ်ခုဆီကို စက္ကန့်ပိုင်းအတွင်း
အဆင့်ဆင့်လွှဲပြောင်းပြီး ခြေရာဖျောက်တတ်ကြပါတယ်။ ဒါပေမယ့် အခုလိုမျိုး သက်ဆိုင်ရာ
ဌာနပေါင်းစုံက ဗဟိုဒေတာစနစ်ကနေတစ်ဆင့် လျှပ်စီးလက်သလို အလွန်မြန်ဆန်သွက်လက်တဲ့
အချိတ်အဆက်တွေနဲ့ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်လုပ်ဆောင်လိုက်တဲ့ အတွက်ကြောင့်
လိမ်လည်သူတွေအနေနဲ့ ငွေကြေးတွေကို သူတို့လိုသလို ဆက်လက်လွှဲပြောင်းခွင့်
လုံးဝမရနိုင်တော့ဘဲ လမ်းခုလတ်မှာတင် ချက်ချင်းဖြတ်တောက် ဟန့်တားပစ်နိုင်မယ့်
အားထားလောက်စရာ ကာကွယ်ရေး လုပ်ငန်းစဉ်ကြီးတစ်ခုကို နိုင်ငံတော်အစိုးရက
ပြည်သူ့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ပိုပြီးအရေးကြီးတဲ့အချက်ကတော့
ဒီအခန်းမှာပါဝင်တဲ့ သတင်းအချက်အလက်ဖလှယ်ခြင်း လုပ်ငန်းစဉ်တွေဟာ ပြည်တွင်းမှာတင်
ရပ်တန့်နေမှာမဟုတ်ပါဘူး။ နိုင်ငံတကာရဲတပ်ဖွဲ့တွေ၊ ဒေသတွင်း ဆိုက်ဘာလုံခြုံရေးဗဟိုဌာနတွေနဲ့ပါ
အချိန်နဲ့တစ်ပြေးညီ လျင်လျင်မြန်မြန် ချိတ်ဆက် သတင်း ဖလှယ်နိုင်ဖို့အတွက်
ခိုင်မာတဲ့လမ်းကြောင်းတွေ ဖွင့်လှစ်ပေးထားပါတယ်။
ဒီဥပဒေကြမ်းရဲ့
အသက်သွေးကြောလို့ တင်စားခေါ်ဝေါ်ရမယ့် အခန်း(၉) “ငွေကြေးစီးဆင်းမှုကို
ယာယီဆိုင်းငံ့ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း” ကဏ္ဍမှာဆိုရင် ပြည်သူတွေအတွက်
အလွန်အားရ ကျေနပ်စရာကောင်းတဲ့အချက်တွေကို ထည့်သွင်းပြဋ္ဌာန်းပေးထားပါတယ်။
အရင်ကဆိုရင် ငွေလိမ် ခံရပြီဆိုတာနဲ့ တရားရုံးလုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို
အချိန်ကုန်ခံစောင့်ဆိုင်းနေရတဲ့အတွက် ပြည်သူတွေရဲ့ ငွေကြေးတွေဟာ လိမ်လည်သူတွေ
လက်ထဲကို အလွယ်တကူရောက်ရှိသွားလေ့ရှိပါ တယ်။ ဒါပေမယ့် ယခုဥပဒေသစ်မှာတော့
အွန်လိုင်းလိမ်လည်မှုကျူးလွန်ခံရကြောင်း တိုင်ကြားချက် ရရှိတာနဲ့ဖြစ်စေ၊ ဒါမှမဟုတ်
သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုတွေကို ဘဏ်တွေက စိစစ် တွေ့ရှိတာနဲ့ဖြစ်စေ
ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စောင့်ဆိုင်းနေစရာလုံးဝမလိုတော့ဘဲ
သက်ဆိုင်ရာဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက အဆိုပါငွေစာရင်းအမှတ်ကို ၇၂ နာရီအထိ
ချက်ချင်း ယာယီဆိုင်းငံ့ပိတ်သိမ်းပစ်နိုင်တဲ့အာဏာကို ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ
အပ်နှင်းပေး လိုက်ပြီပဲ ဖြစ်ပါတယ်။
ဒါ့အပြင်
ကိုယ်တိုင်ငွေလိမ်လည်တာ မဟုတ်ပေမယ့် လိမ်လည်သူတွေ ငွေကြေးခဝါချနိုင်အောင်
မိမိတို့ရဲ့ဘဏ်အကောင့်နဲ့ကတ်တွေကို အခကြေးငွေယူပြီး လွှဲပြောင်းရောင်းချပေးနေကြတဲ့
ကြားခံ ပွဲစားတွေ (Money Mules)ကိုပါ ပြင်းပြင်းထန်ထန်
ထိထိရောက်ရောက် အရေးယူအပြစ်ပေးသွားမယ့် ပြဋ္ဌာန်းချက်တွေလည်း ပါဝင်လာပါတယ်။
နိုင်ငံတော်အစိုးရရဲ့ အကြီးမားဆုံးသော မျှော်မှန်းချက်က ပြစ်မှုကျူးလွန်သူတွေကို
လိုက်လံဖမ်းဆီးအရေးယူဖို့ သက်သက်သာမဟုတ်ဘဲ အခုလိုချက်ချင်းယာယီ
ဆိုင်းငံ့ထိန်းချုပ်ထားနိုင်တဲ့ ငွေကြေးတွေကို နစ်နာသူ ပြည်သူလူထုရဲ့ လက်ဝယ်ဆီသို့
အမြန်ဆုံးနဲ့ စနစ် တကျ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်မယ့် ဥပဒေ မူဘောင်တွေကိုပါ
အသေးစိတ်ပြီး ပြည့်စုံစွာ ထည့်သွင်းစဉ်းစားရေးဆွဲပေးထားတာပဲ ဖြစ်ပါတယ်။
ဆိုက်ဘာရာဇဝတ်မှုတွေဆိုတာ
နိုင်ငံတစ်ခုတည်းရဲ့ နယ်နိမိတ်ထဲမှာတင် ဖြစ်ပွားလေ့ရှိတာ မဟုတ်ဘဲ
နယ်စပ်ဖြတ်ကျော်ပြီး ကျူးလွန်တတ်ကြတဲ့ ပြစ်မှုကြီးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဆန်းပြားတဲ့
မှုခင်းတွေကို နိုင်ငံတစ်နိုင်ငံတည်းရဲ့ ကိုယ်ပိုင်အင်အားနဲ့သာ
တိုက်ဖျက်နှိမ်နင်းဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူနိုင်ဘူးဆိုတာကို နိုင်ငံတော်အစိုးရက
အမြော်အမြင်ကြီးမားစွာနဲ့ ကြိုတင်ရှုမြင် သုံးသပ်ထားပါတယ်။ ဒါကြောင့်လည်း
ဒီဥပဒေကြမ်းရဲ့ အခန်း (၁၀) မှာဆိုရင် နိုင်ငံတကာစံနှုန်းတွေနဲ့ အညီ
အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့ စတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း
ဆောင်ရွက်မယ့်အချက်တွေကို ဟန်ချက်ညီညီ ပေါင်းစပ်ရေးဆွဲထားတာ ဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေ၊
နိုင်ငံတကာရဲတပ်ဖွဲ့တွေ၊ နည်းပညာအဖွဲ့အစည်းတွေနဲ့ သတင်းအချက် အလက်တွေ
အပြန်အလှန်ဖလှယ်ပြီး ပြစ်မှုကျူးလွန် သူတွေကို လွှဲပြောင်းရယူတာ၊
ပူးတွဲစုံစမ်းစစ်ဆေး တာတွေ လုပ်ဆောင်ကာ ဂိုဏ်းဖွဲ့လိမ်လည်နေသူ တွေကို
အမြစ်ပြတ်ချေမှုန်းသွားမယ်ဆိုတဲ့ အစိုးရရဲ့ ပြတ်သားတဲ့သန္နိဋ္ဌာန်ကို ကမ္ဘာသိအောင်
ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံတကာအသိုင်း အဝိုင်းနဲ့အတူ ဟန်ချက်ညီညီ
တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ တာဝန်သိ
စိတ်အပြည့်ရှိတဲ့ တက်ကြွလှုပ်ရှားသော အဖွဲ့ဝင် နိုင်ငံတစ်ခုအဖြစ်
အခိုင်အမာရပ်တည်နေကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းရဲ့
အခန်း(၁၁) “တားမြစ်ချက်များ” အပိုင်းကို လေ့လာကြည့်မယ်ဆိုရင် ပြည်သူ တွေရဲ့
လုံခြုံရေးအတွက် အလွန်အရေးပါတဲ့ တားမြစ်ချက်တွေကို တိတိကျကျ
ထည့်သွင်းပြဋ္ဌာန်းထားတာ ကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကအားဖြင့် အွန်လိုင်းလိမ်လည်သူတွေ
အမြဲတမ်းအသုံးပြုလေ့ရှိတဲ့ ဆင်းဘောက်စ်(SIM Box)တွေ၊ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဂြိုဟ်တုဆက်သွယ်ရေးကိရိယာတွေနဲ့ တရားမဝင်
ဆော့ဖ်ဝဲလ်နည်းပညာတွေကို ခွင့်ပြုတာ၊ လက်ဝယ်ထားရှိတာနဲ့ အသုံးပြုတာတွေကို လုံးဝ
ပြတ်ပြတ်သားသား တားမြစ်ပိတ်ပင်ထားပါတယ်။
ဒါ့အပြင်
ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားမလုပ်နိုင်အောင် အခြားသူ တစ်ယောက်ရဲ့
နာမည်၊ မှတ်ပုံတင် အချက်အလက်တွေကိုသုံးပြီး ဆင်းကတ်ဝယ်ယူတာတွေ၊ ဘဏ်အကောင့်တွေနဲ့
ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallets) တွေ ဖွင့်လှစ်တာကိုလည်း အခိုင်အမာ တားမြစ်ထားပါတယ်။ ဒီလိုတင်းကျပ်လိုက်တဲ့
တားမြစ်ချက်တွေဟာ လိမ်လည်သူတွေရဲ့ နောက်ကွယ်ကနေ အဓိကကြိုးကိုင် လှုပ်ရှားနေကြတဲ့
အကောင့်ပွဲစားတွေနဲ့ ဆင်းကတ်မှောင်ခိုသမား တွေရဲ့ လမ်းကြောင်းတွေကို အသေအချာ
ပိတ်ဆို့လိုက်တာဖြစ်ပြီး ပြည်သူတွေရဲ့ အချက်အလက် လုံခြုံရေးကို
အပြည့်အဝကာကွယ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ပိုပြီးပြည့်စုံတဲ့ကာကွယ်မှုအနေနဲ့
ဆက်သွယ် ရေးအော်ပရေတာတွေ၊ ဘဏ်နဲ့ ငွေကြေးအဖွဲ့ အစည်းတွေ၊
အင်တာနက်ဝန်ဆောင်မှုပေးသူတွေ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ပြဋ္ဌာန်း
ထားတဲ့အပြင် လူတစ်ဦးကို မတရားသွေးဆောင် ခေါ်ဆောင်တာ၊ လုပ်အားခေါင်းပုံဖြတ်ပြီး
အတင်း အဓမ္မခိုင်းစေတာတွေနဲ့ လူကုန်ကူးမှုနဲ့ပတ်သက်နေတဲ့ အွန်လိုင်းလိမ်လည်မှု
ကျူးလွန်နေတာတွေ ကိုပါ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ်မှာ
ခေတ်စားနေတဲ့ ဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်မှု (Crypto Scam)တွေကိုပါ ဘယ်သူမှ ကျူးလွန်ခြင်းမပြုရဆိုပြီး ဥပဒေလမ်းကြောင်းအရ အတိအလင်း
ကြိုတင်ထည့်သွင်း ပြဋ္ဌာန်းထားတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရရဲ့
အမြော်အမြင်ကြီးမားပုံကို ထင်ရှားစွာတွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းရဲ့
အခန်း (၁၂) မှာ ပြစ်မှုကျူးလွန် သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ပြစ်မှု
နဲ့ ပြစ်ဒဏ်တွေကို တိတိကျကျ ရေးဆွဲပြဋ္ဌာန်းထားသလို အခန်း(၁၃)
အထွေထွေအပိုင်းမှာဆိုရင်လည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ရှေ့တန်းကနေ
မားမားမတ်မတ် ရပ်တည်လုပ်ဆောင်ပေးနေ ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့
ပုဂ္ဂလိကဝန်ထမ်းတွေကို ဥပဒေအရ အပြည့်အဝကာကွယ်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့်
ပြစ်မှုတစ်ခုခုကို သံသယရှိလို့ဖြစ်စေ၊ တိုင်ကြားချက်အရဖြစ်စေ လိမ်လည်သူရဲ့
ဘဏ်ငွေစာရင်းအမှတ်ကို ယာယီဆိုင်းငံ့ ပိတ်သိမ်းပေးခဲ့တဲ့ ဘဏ်နဲ့ ငွေရေးကြေးရေး
အဖွဲ့အစည်းက တာဝန်ရှိသူတွေကို ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဘယ် တရားရုံးမှာမှ
တရားစွဲဆိုခြင်းမခံရအောင် ဥပဒေနဲ့ အခိုင်အမာအကာအကွယ်ပေးထားတာ ဟာ
အလွန်ပဲအားရကျေနပ်စရာ ကောင်းပါတယ်။
နိုင်ငံတော်အစိုးရရဲ့
အမြော်အမြင်ကြီးမားစွာ ဦးဆောင်လမ်းညွှန်မှုကြောင့် ပေါ်ပေါက်လာမယ့်
“အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေ” ဟာ ပြည်သူလူထုတစ်ရပ်လုံးကို
ဆိုက်ဘာ ရာဇဝတ်ကောင်တွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ရေရှည်စိတ်ချယုံကြည်စွာ
ကာကွယ်ပေးသွားမယ့် အလွန်ခိုင်မာအားကောင်းတဲ့ ဥပဒေအကာအကွယ်ကြီးတစ်ခု
ဖြစ်လာတော့မယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဒီဥပဒေကြမ်းမှာပါဝင်တဲ့
အနှစ်သာရတွေကို ပိုမိုလွယ်ကူစွာ သိရှိနားလည်နိုင်စေရန်နဲ့၊ လိုအပ်တဲ့ အပြုသဘောဆောင်သော
အကြံပြုချက်များ ရှိလာခဲ့ပါက လွှတ်တော်ရုံးသုံးရုံးက ညွှန်ကြားရေးမှူးချုပ်တွေဆီ
တိုက်ရိုက်လိပ်မူ ပေးပို့နိုင်တဲ့ အကြောင်း နိုင်ငံ့အကျိုးနဲ့
ပြည်သူ့အကျိုးကိုရှေးရှုလျက် လေးစားစွာတိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။
No comments