ယောဂဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအကြား ဟန်ချက်ညီမှု၊ အတွေးအခေါ်နဲ့ အပြုအမူတို့မှာ စည်းကမ်းရှိမှု၊ တစ်ဦးတစ်ယောက်ချင်းစီနဲ့ လူ့အဖွဲ့အစည်းအကြား သဟဇာတဖြစ်မှုကို ကိုယ်စားပြုပါတယ်
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur
“ကျန်းမာသုခ၊ ဉာဏ်ပညာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ယောဂ” (Yoga for Wellness, Wisdom, and World Peace) ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ် ယောဂ သရုပ်ပြ စုပေါင်းလေ့ကျင့်ခြင်း အခမ်းအနားကို မေ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဥယျာဉ်တော် အတွင်း ရေပန်းရင်ပြင်၌ ကျင်းပသည်။
“အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ် အစီအစဉ်ထဲမှာ တစ်ခုအပါအဝင်အဖြစ် ယောဂ သရုပ်ပြလေ့ကျင့်ခြင်း အစီအစဉ်ကို နေပြည်တော်ရဲ့ အထင်ကရ နေရာဖြစ်တဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်မှာ ဒီနေ့ အိန္ဒိယသံရုံးနဲ့ မြန်မာနိုင်ငံ အစိုးရတို့ အတူတကွကျင်းပခွင့် ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးဝမ်းမြောက် ဂုဏ်ယူမိပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur က ပြောကြားသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အဖွဲ့ဝင် ၁၉၃ နိုင်ငံက အဆိုထောက်ခံခဲ့ပြီး နိုင်ငံပေါင်း ၁၇၇ နိုင်ငံက ပူးပေါင်း ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည့် အတွက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအစိုးရနဲ့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့ကျင်းပတဲ့ အခမ်း အနားကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်ပေးတဲ့ ဒုတိယ သမ္မတ ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တို့က ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ တာဝန်ရှိသူတွေ၊ ယောဂ ဝါသနာရှင်တွေကို ကျွန်တော့်အနေနဲ့ အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါ တယ်” ဟု အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ပြောကြားသည်။
“ယောဂရဲ့ အထူးထင်ရှားတဲ့ အချက်ကတော့ ဟိန္ဒီ (Hindi) လို ယိုး(ဂ်)လို့သုံးပြီး အင်္ဂလိပ်လို ယောဂလို့ အသံထွက်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ယိုး(ဂ်)လို့ အသံထွက်ပါမယ်။ သူရဲ့ အဓိပ္ပာယ်က စုစည်းညီညွတ်မှု ဖြစ်ပါတယ်။ ယောဂဟာ ကာယ လေ့ကျင့်ခန်းတစ်ခုထက် များစွာ ပိုမိုပါတယ်။ ယောဂဟာ ရုပ်ပိုင်း ဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအကြား ဟန်ချက်ညီမှု၊ အတွေးအခေါ်နဲ့ အပြုအမူတို့မှာ စည်းကမ်းရှိမှု၊ တစ်ဦး တစ်ယောက်ချင်းစီနဲ့ လူ့အဖွဲ့အစည်းအကြား သဟဇာတ ဖြစ်မှုကို ကိုယ်စားပြုပါတယ်။ ဒီနေ့ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာယောဂနေ့မှာ အတူတကွ ဆင်နွှဲကျရင်း ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကြားမှာ ဟန်ချက် ညီမှု၊ ကရုဏာတရားနဲ့ အတူယှဉ်တွဲ နေထိုင်ခြင်းတို့ကို ထပ်လောင်း အတည်ပြုရင်း ယောဂရဲ့ စိတ်ဓာတ် ဖြစ်တဲ့ လူသားတွေအကြား ညီညွတ်မှု၊ စည်းလုံးမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေကို ဆက်လက်လှုံ့ဆော်ပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
သတင်းစဉ်

No comments