ကြို့ပင်ကောက်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး

 


ကြို့ပင်ကောက် မေ ၁၂

 

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်အနေဖြင့် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေး ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ရှင်းလင်းပြောကြား

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက မိုးစပါးစိုက်တောင်သူများအား ယခင်ကတစ်ဧကလျှင် ကျပ်တစ်သိန်း ငါးသောင်းနှုန်း ထုတ်ချေးခဲ့ရာမှ ယခုအခါ နိုင်ငံတော်၏မူဝါဒနှင့်အညီ တစ်ဧကလျှင် ငွေကျပ်သုံးသိန်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း ပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်စိမ်းစိမ်းဝါက ချေးငွေဆိုင်ရာ စည်းကမ်းချက်များကို တောင်သူများအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ၂၀၂၅ မိုးချေးငွေ တစ်ရပ်လုံး ပြေကျေသည့် အုန်းနှဲကျောတန်းကျေးရွာအုပ်စုမှ တောင်သူ ၃၂ ဦး၏ လယ်ဧက ၂၂၅ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၆၇၅ သိန်းအား တောင်သူများလက်ဝယ်အရောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စနစ်တကျထုတ်ချေးပေးသည်။

 

ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါး စိုက်ဧက ၃၅၀၀၀ အတွက် ငွေကျပ်သိန်း ၁၀၅၀၀၀ ကို အတိုးနှုန်း သက်သာစွာဖြင့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးရန် လျာထား ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)

No comments

Powered by Blogger.