တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီးတွင် ပြင်းအား ၅ ဒသမ ၂ ပမာဏရှိသော ငလျင်လှုပ်ခတ်မှုကြောင့် နှစ်ဦးသေဆုံး
မေ ၁၈
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လျူကျိုးမြို့တွင် ပြင်းအား ၅ ဒသမ ၂ ရှိသော ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အထိ ပိတ်မိနေသူနှစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး အသက် ၉၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံ ငလျင်ကယ်ဆယ်ရေးဌာနချုပ်က ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် လျူကျိုးပြည်နယ် လျူနန်ခရိုင်တွင် ယနေ့ နံနက် ၀၀ နာရီ ၂၁ မိနစ်က မြေအောက် ရှစ်ကီလိုမီတာအနက်တွင် လှုပ်ခတ်ခဲ့ပြီး လူသုံးဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်၊ မီးသတ်နှင့် ရဲတပ်ဖွဲ့များသည် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငလျင်လှုပ်ခတ်ရာနေရာသို့ ချက်ချင်းရောက်ရှိခဲ့ကြပြီး ယနေ့ အစောပိုင်းတွင် ပျောက်ဆုံးနေသူ သုံးဦးအနက် နှစ်ဦးကိုသေဆုံးလျက်တွေ့ရှိကြောင်းနှင့် အသက် ၉၁ နှစ်အရွယ် အမျိုးသားတစ်ဦးကိုမူ ကယ်တင်နိုင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့မှ အခြေအနေစိုးရိမ်ဖွယ်ရာမရှိကြောင်း အတည်ပြုကာ ထပ်မံကုသမှုခံယူရန် ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ကွမ်ရှီးဒေသ ငလျင်ကယ်ဆယ်ရေးဌာနချုပ်သည် နံနက် ၂ နာရီတွင် အဆင့် သုံး အရေးပေါ်တုံ့ပြန်မှုကို စတင်ခဲ့သည်။
နိုင်ငံတော်ကောင်စီ ငလျင်ကယ်ဆယ်ရေးဌာနချုပ်ရုံးနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့သည် ယနေ့တွင် အဆင့် လေးအရေးပေါ်တုံ့ပြန်မှုကို စတင်ခဲ့ပြီး ဒေသတွင်းငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ငလျင်လှုပ်ရာနေရာသို့ စေလွှတ်ခဲ့သည်ဟု သိရသည်။
တရုတ်ငလျင်စီမံခန့်ခွဲရေးဌာနသည် ငလျင်လှုပ်ပြီးနောက် အဆင့် သုံး အရေးပေါ်တုံ့ပြန်မှုကိုလည်း စတင်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments