နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာများကို စိတ်ဝင်စားသူများအတွက် မြန်မာသံတမန်တစ်ဦး၏ ဒီပလိုမေစီပုံရိပ်များစာအုပ် မိတ်ဆက်




ရန်ကုန် မေ ၁၅

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အလုပ်အမှုဆောင် အငြိမ်းစား သံအမတ်ကြီး ဦးထင်လင်း ကလောင်အမည် ကိုကိုချို(ချောက်)ရေးသားသည့် မြန်မာသံတမန်တစ်ဦး၏ ဒီပလိုမေစီပုံရိပ်များ စာအုပ်မိတ်ဆက်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး၌ ကျင်းပသည်။


အဆိုပါစာအုပ်တွင် လက်နက်ဖျက်သိမ်းရေး ကွန်ဖရင့်ဆိုသည်မှာ၊ ဘဝသစ်အတွက် လှေစီးသွားလာသူများ၊ ကျွန်တော်နှင့် ဘရူနိုင်း ပြည်သူများ၊ Multilateral Diplo-macy ဟု ဆိုရာတွင်၊ Conference Diplomacy နှင့် Multilateral Diplomacy တို့ ဆုံစည်းရာ၊ Mediation အကြောင်း တစေ့တစောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလျက်ရှိသည့် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးတက္ကသိုလ် စသည့် ဆောင်းပါးများအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ပတ်လည် မဂ္ဂဇင်းနှင့် နေ့စဉ်ထုတ်သတင်းစာ များတွင် ဖော်ပြခဲ့သည့် ဆောင်းပါးများ ပါဝင်သည်။


ယင်းစာအုပ်ကို စာပေ လောကပုံနှိပ်တိုက်တွင် ပုံနှိပ်ကာ ပြုံးသမီးစာပေမှ ထုတ်ဝေ၍ တန်ဖိုးငွေကျပ် ၁၈၀၀၀ ဖြင့် စာပေလောကနှင့် အခြား စာအုပ်ဆိုင်များ (သို့မဟုတ်) ဖုန်း ၀၉၄၂၀၂၂၂၈၈၃ (Viber)သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။


စာအုပ် မိတ်ဆက်ပွဲတွင် စာအုပ် မိတ်ဆက်ခြင်းနှင့်အတူ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့၌ အဖွဲ့ ၏ လုပ်ငန်းဆောင်တာများအကြောင်း ဟောပြောမိတ်ဆက်ခဲ့ကာ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များ၊ တက္ကသိုလ်မှ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ အခြား ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments

Powered by Blogger.