ဉာဏ်ရည်တုလှိုင်းများ(၅)



နီဇော်သစ်

ယခုအပတ်တွင် အေအိုင်လုပ်ပိုင်ခွင့် အဆင့်(၅)ကို ဆက်လက်ဆွေးနွေးပါမည်။ လုပ်ပိုင်ခွင့်အဆင့် (၅)မှာ  အဆင့် (၄)လို မဝေးသောအနာဂတ်တွင် မျက်မြင်ဒိဋ္ဌကြုံကြရမည့်ကိစ္စမျိုးဟုတ်၊   မဟုတ် မသိနိုင်သေးပါ။ သို့သော် အေအိုင်နှင့်ပတ်သက်၍ လူသားတို့အတွက် စိုးရိမ်စရာအကောင်းဆုံးအဆင့် အဖြစ် သတ်မှတ်ထားကြသည်။ ထိုအဆင့်တွင် လူသားတို့ထက် ဉာဏ်ရည်ပိုမိုမြင့်မားသော အေအိုင် တို့နှင့် ရင်ဆိုင်ကြရမည်၊ အဆင့်(၄)တွင် အေအိုင်နှင့်အတူ ယှဉ်တွဲနေထိုင်ရာမှ နောက်တစ်ဆင့်တွင် အေအိုင်၏စိုးမိုးမှုကို လူသားတို့ခံရမည်ဆိုသည့် စိုးရိမ်မှုမျိုးဖြစ်သည်။ တကယ်ဖြစ်လာနိုင်ပါသလား။ အချို့သော အနာဂတ္တိပညာရှင်တို့က  ‘အမှတ်ထူး’ (Singularity)ဟု ခေါ်သောအဆင့်ကို ကျော်လွန် သွားသည့် အနေအထားမျိုး၊ မိုက်ခရိုဆော့ဖ် အေအိုင်စီအီးအို မူစတာဖာ ဆူလီမန်ပြောသည့် ခေတ်သစ်ကျူရင်စမ်းသပ်ချက်ကို အောင်မြင်သွားသည့် အဆင့်မျိုး၊ လီကိုင်ဖူးခန့်မှန်းထားသည့်   ၂၀၄၁ အလွန် အေအိုင်စွမ်းဆောင်ရည်မျိုးဖြစ်သည်။

ထိုအနာဂတ်ကို မှန်းမျှော်ရာတွင် အကောင်းမြင်ချဉ်းကပ်မှုများကိုရော အဆိုးမြင်ချဉ်းကပ်မှုများကိုပါ    မြင်တွေ့နေရသည်။ ဤနေရာတွင်တော့ ထိုမျှော်မှန်းချက်များနောက်သို့ လိုက်မည်မဟုတ်ပါ။ လုပ်ပိုင်ခွင့် အဆင့်(၅)ရလာသည့်၊ တစ်နည်းအားဖြင့် လုပ်ပိုင်ခွင့်အဆင့်(၅) အပ်နှင်းခံရသည့် အေအိုင်စနစ်များ၊ အေဂျီအိုင်စနစ်များအနေဖြင့် ဘယ်လောက်စွမ်းဆောင်ရည်ရှိမလဲ၊ အန္တရာယ် ဘယ်လောက်များနိုင်မလဲဆိုသည်ကိုသာ အကြမ်းဖျင်းဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။

လုပ်ပိုင်ခွင့် အဆင့်(၅)တွင် အေအိုင်သည် ကိုယ့်သဘောနှင့်ကိုယ် လုပ်ဆောင်သူဖြစ်လာသည် (AI as an Agent)။ ဥပမာအားဖြင့် သူ့ဘာသာသူလုပ်စရာရှိသည်တို့ကို လုပ်သွားသော လက်ထောက် တစ်ယောက်လိုမျိုးဖြစ်သည်။ အလုပ်တာဝန်တစ်ခုချင်း ပေးနေစရာမလို။ ရည်မှန်းချက်ချပေးလိုက် ရုံဖြင့် အေအိုင်က သူ့ဘာသာသူ အစီအစဉ်ချ၊ ဆုံးဖြတ်ချက်ချ၊ ကိရိယာများကိုအသုံးပြု၊ လူတို့နှင့် ဆက်သွယ်၊ လုပ်ငန်းပတ်ဝန်းကျင်ကို အပြောင်းအလဲလုပ်၊ ရေရှည်စီမံကိန်းချ၊ တုံ့ပြန်ရလဒ်များ အပေါ် မူတည်ပြီး မဟာဗျူဟာများပြောင်းလဲ အစရှိသည်ဖြင့် လုပ်သွားလိမ့်မည်။ The Coming Wave စာအုပ်ထဲတွင် ဆူလီမန်ပြောထားသည့် ခေတ်သစ်ကျူရင်စမ်းသပ်ချက်အကြောင်းကို ကြည့်လိုက်လျှင် ပိုပြီး ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါသည်။

“ရှင်းအောင်ပြောရလျှင်  ခေတ်သစ်ကျူရင်စမ်းသပ်ချက်၌ အောက်ပါကိစ္စလိုမျိုးအရာများ ပါဝင် လာမည်။ ‘အမေဇုန်မှာ  ဒေါ်လာတစ်သိန်း ရင်းနှီးမြှုပ်နှံပြီး လအနည်းငယ်အတွင်း ဒေါ်လာတစ်သန်း ရအောင်ရှာ’ဟု  လမ်းညွှန်ချက်ပေးလိုက်လျှင် အေအိုင်သည် အောင်မြင်အောင် စွမ်းဆောင်နိုင်ရမည် ဖြစ်သည်။ အေအိုင်အနေဖြင့် ဝက်ဘ်တစ်ခွင်တွင် ဘယ်လမ်းကြောင်းသွားနေလဲဆိုသည်ကို သုတေသနလုပ်ရမည်။ ဘာတွေဟော့နေသလဲ၊ အမေဇုန်ဈေးထဲမှာ ဘာတွေမရှိဘူးလဲဆိုသည်ကို ရှာဖွေရမည်။   ဖြစ်နိုင်ခြေထုတ်ကုန်များအတွက် ပုံများနှင့် အသေးစိတ်အစီအစဉ်များ ထုတ်ပေးရ မည်။   ယင်းတို့ကို   အလီဘာဘာတွင်တွေ့ရသည့် အိမ်တိုင်ရာရောက်ပို့ပေးသော   ကုန်ထုတ်လုပ်သူ တစ်ယောက်ထံပို့ရမည်။ လိုအပ်ချက်များမွမ်းမံရန်နှင့် စာချုပ်သဘောတူညီချက်ရစေရန် အီးမေးလ် များ အပြန်အလှန်ပေးပို့ရမည်။ အရောင်းစာရင်းတစ်ခု ဒီဇိုင်းဆွဲရမည်။ ဝယ်သူများထံမှ  တုံ့ပြန်မှု များကို အခြေခံပြီး ဈေးကွက်ကြော်ငြာများနှင့် ထုတ်ကုန်ဒီဇိုင်းများကို အဆက်မပြတ် ခေတ်မီ အောင်လုပ်နေရမည်။ ဈေးကွက်ထဲတွင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် မှတ်ပုံတင်ရန် ဥပဒေ ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ဘဏ်စာရင်းတစ်ခုရရှိဖို့တို့ကလွဲလျှင် ကျန်အလုပ်များကို        အေအိုင်လုပ်နိုင်သည်ဟု ကျွန်တော်မြင်သည်။ ထိုသို့ကိစ္စမျိုးကို လူက အနည်းငယ်ပါဝင်ပတ်သက် ပေးရုံမျှဖြင့် နောက်နှစ် အတွင်း လုပ်နိုင်လိမ့်မည်၊ နောက်သုံးနှစ်မှ ငါးနှစ်ဆိုလျှင် သူ့ဘာသာသူ အလိုအလျောက် လုပ်သွားနိုင်မည်ဟု ထင်သည်။”

နောက်ထပ်အန္တရာယ်တစ်ခုမှာ တစ်နေရာရာတွင်  ပါဝါစုစည်းသွားခြင်းဖြစ်သည်။ ထိုအဆင့်ရှိသည့်  အေအိုင်တစ်ခုကို အရင်ဆုံးပိုင်ဆိုင်သည့် အစိုးရ သို့မဟုတ် ကော်ပိုရေးရှင်းသည် အလွန်အမင်း သာလွန်သော ပါဝါကို ပိုင်ဆိုင်သွားလိမ့်မည်။ ဥပမာကုမ္ပဏီ(က)သည် ထိုအဆင့် အေအိုင်နည်းပညာ ကို ရရှိသွားပြီး အေအိုင်အေးဂျင့် အယောက် ၁၀ သန်းကို ထုတ်လုပ်အသုံးချလိုက်သည် ဆိုပါစို့။ လူသားများနှင့်သာ လည်ပတ်နေရသည့် မည်သည့်ကုမ္ပဏီကမျှ ထိုကုမ္ပဏီကို ယှဉ်နိုင်တော့မည် မဟုတ်။ လုပ်သား အယောက် ၁၀ သန်းကို   အလုပ်ပေးဖို့ပင်လျှင် မဖြစ်နိုင်ပါ။

ထိုနေရာအထိ သိပ်ပြီးပြဿနာမရှိသေးဟု ဆိုချင်လျှင် ဆိုနိုင်ပါသေးသည်။ ပိုမိုကြီးမားသော ပြဿနာမှာ လုပ်ပိုင်ခွင့်အဆင့်(၅)ကို ရရှိထားသော အေအိုင်သည် သူ့ဘာသာသူ ပိုမိုတိုးတက်အောင် လုပ်ပြီး လူသားတို့ကို လွှမ်းမိုးသွားနိုင်မလားဆိုသည့် ပြဿနာဖြစ်သည်။ ဆူလီမန်ပြောသည့် နောက် သုံးနှစ်မှ ငါးနှစ်တွင် ဖြစ်လာမည့် အေအိုင်မျိုးမှာ ထိုကဲ့သို့ လုပ်ဆောင်နိုင်ဦးမည်မဟုတ်ပါ။ စီးပွားရေး လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ရုံသာ ရှိပါသေးသည်။ နည်းပညာနှင့်ဆက်နွှယ်သည့်အပိုင်း၊ ဆုံးဖြတ်ချက် ချမှတ်သည့်အပိုင်းတို့တွင် လူသားတို့ထက် မြန်ဆန်မည်မှာ သေချာသော်လည်း အောင်မြင်သည့် လူသားစွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်လို ကော်ပိုရေးရှင်းကြီးတစ်ခု ထူထောင်နိုင်မလားဆိုသည်မှာ မသေချာပါ။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်နိုင်သော အေအိုင်ဆိုလျှင် တစ်ဆင့်ပြီးတစ်ဆင့် တက်သွားပြီး စူပါဉာဏ်ရည်ကို ရရှိသွားနိုင်သည်။ အေအက်စ် အိုင်  သို့မဟုတ် Artificial Superintelligence အဆင့်ဖြစ်သည်။ ရေးကာ့ဇ်ဝဲလ်နှင့် အခြားသော အနာဂတ္တိဆရာတို့ ၂၀၄၅ ခုနှစ် ဝန်းကျင်တွင် ဖြစ်လာမည်ဟု ဟောကိန်းထုတ်ထားသည့် အေအိုင် အဆင့်မျိုးဖြစ်သည်။

ထို့ကြောင့် လက်ရှိအေအိုင်တို့၏ စွမ်းဆောင်ရည်နှင့် လုပ်ပိုင်ခွင့်အနေအထားတို့အရ လာမည့် နှစ်အနည်းငယ်အတွင်း ဖြစ်လာနိုင်သော အေဂျီအိုင်တို့၏ပြဿနာသည် အလိုင်းမင်းလွဲခြင်း ဖြစ်သည်။ စိတ်ကူးဖြင့်   မှန်းမျှော်ကြည့်နိုင်သမျှ   အဆိုးဆုံးပြဿနာသည် သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် ပြောရလျှင် စူပါဉာဏ်စွမ်းရ အေအိုင်တို့က လူသားတို့ကို စိုးမိုးသွားခြင်းဖြစ်သည်။ သို့သော် တရုတ်အေအိုင် ဂုရုကြီး လီကိုင်ဖူးကတော့ ထိုသို့ဖြစ်နိုင်ရန် လိုသေးသည်ဟု သုံးသပ်သည်။ ဘာလိုသလဲဆိုလျှင် သိပ္ပံနှင့် နည်းပညာတိုးတက်မှုဖြစ်သည်။ ဤနေရာတွင် သိပ္ပံနှင့်နည်းပညာကို အနည်းငယ်ခွဲ၍ မြင်ရန်လိုပါသည်။ အေအိုင်၏ ဗဟိုဝင်ရိုးဖြစ်သော နက်နက်နဲနဲလေ့လာ သင်ယူခြင်း (deep learning) သည် သိပ္ပံပညာဖြစ်သည်။   နက်နက်နဲနဲ   လေ့လာသင်ယူခြင်းကို အခြေပြု တည်ဆောက်ထားသော   အေအိုင်တို့ကို  အချက်အလက်များစွာတို့ဖြင့် လေ့ကျင့်ပေးပြီး အဆင့်မြင့် မိုဒယ်ကြီးများဖြစ်လာအောင် လုပ်ခြင်းမှာ နည်းပညာဖြစ်သည်။ ထို့ကြောင့် စူပါဉာဏ်စွမ်း ရရှိဖို့ ဆိုလျှင် လက်ရှိထက်မြင့်မားသည့်သိပ္ပံပညာ တိုးတက်မှု   သို့မဟုတ်   နက်နက်နဲနဲ  လေ့လာသင်ယူ နိုင်စွမ်းပိုမိုမြင့်မားသော  အေအိုင်မိုဒယ်များ ဖြစ်ရန်လိုမည်ဟု  လီကိုင်ဖူးက သုံးသပ်ခြင်းဖြစ်ပုံ ရသည်။

ယခုဆိုလျှင် အေအိုင်တို့၏   လုပ်ပိုင်ခွင့် အဆင့်ဆင့်နှင့် ကောင်းကျိုးဆိုးကျိုးများကို တင်ပြခဲ့သည် မှာ အကြမ်းဖျင်းအားဖြင့် စုံသလောက်ရှိပါပြီ။ အေအိုင်လုပ်ပိုင်ခွင့် အဆင့်(၅)သည် လူသားသမိုင်း၏ အကြီးမားဆုံး နည်းပညာတော်လှန်ရေးဖြစ်လာနိုင်သလို လူသားတို့ကိုယ်တိုင်ဖန်တီးလိုက်သော ပြိုင်ဘက်တစ်ခုလည်း ဖြစ်လာနိုင်သည်။  အရေးကြီးသည်မှာ ထိုအဆင့်သို့မရောက်ခင် လူသားတို့က ထိန်းချုပ်မှု၊ တာဝန်ယူမှုနှင့် တန်ဖိုးထားမှုတို့ကို မည်သို့သတ်မှတ်မည်ဆိုသည့် မေးခွန်းပင်ဖြစ်သည်။ အဓိကအကျဆုံးမှာ ထိန်းချုပ်နိုင်မည်လား၊ မထိန်းချုပ်နိုင်ဘဲ လွှတ်ပေးလိုက်ရမည်လားဆိုသည့် မေးခွန်းဖြစ်သည်။ ထိုအကြောင်းများကို နောက်အပတ်တွင် ဆက်လက်ဆွေးနွေးသွားပါမည်။

No comments

Powered by Blogger.