ပါးမားအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီး အင်တာမီလန်အသင်း အီတလီစီးရီးအေဖလား (၂၁)ကြိမ်မြောက်ဆွတ်ခူးရရှိ



အင်တာမီလန်အသင်းနဲ့ ပါးမားအသင်းတို့ မေ ၃ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ ပါးမားအသင်းကို အနိုင်ရပြီး အီတလီစီးရီးအေဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အင်တာမီလန်အသင်းနဲ့ ပါးမားအသင်းတို့ပွဲစဉ်မှာ အင်တာမီလန်အသင်းက ပါးမားအသင်းကို နှစ်ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၄၅ မိနစ်အပြီး နာကျင်အချိန်ပို တစ်မိနစ်မှာ တူရမ်ကတစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၈၀ မှာ ခီတာယန်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ  ပါးမားအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိ ချန်ပီယံနာပိုလီအသင်းကို ၁၂  မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီလည်း  ဖြစ်ပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ အီတလီစီးရီးအေဖလားကို ၂၀၂၄ ခုနှစ်က နောက်ဆုံးအကြိမ် ရယူဆွတ်ခူး နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေ ပွဲစဉ် ခြောက်ပွဲမှာ သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အီတလီစီးရီးအေပွဲစဉ် ၃၅ ပွဲ ယှဉ်ပြိုင်ကစားပြီး နောက် ၂၆ ပွဲအထိ အနိုင်ရရှိကာ အီတလီစီးရီးအေဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ အီတလီစီးရီးအေပြိုင်ပွဲပြီးဆုံးဖို့ သုံးပွဲအလိုမှာ  အီတလီစီးရီးအေဖလားကို  ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အီတလီစီးရီးအေမှာ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာ သွားခဲ့ပြီဖြစ်ပါတယ်။                                            

ငွေကြယ်

No comments

Powered by Blogger.