လာအိုနိုင်ငံ၌ လူဦးရေတိုးပွားမှု ကျဆင်းလာ



မေ ၇

လာအိုနိုင်ငံတွင် အိမ်ထောင်ပြုမှုနောက်ကျခြင်းနှင့် မိသားစုတွင် ကလေးအရေအတွက် နည်းလာခြင်းအပါအဝင် လူမှုစီးပွားရေးဆိုင်ရာအချက်များကြောင့် လူဦးရေဆက်လက်ကျဆင်းလျက် ရှိကြောင်း ဖော်ပြထားသည်။

ဒစ်ဂျစ်တယ်အချက်အလက်စာရင်းကို ပထမဆုံးအကြိမ်အသုံးပြုခဲ့သည့် ၂၀၂၅ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ လူဦးရေတိုးပွားမှုနှုန်း ဆက်လက်လျော့နည်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

၁၉၉၅ မှ ၂၀၀၅ ခုနှစ်အတွင်း ၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၀၅ မှ၂၀၁၅ ခုနှစ်အတွင်း ၁ ဒသမ ၄ ရာခိုင်နှုန်းမှ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း တစ်နှစ်လျှင် ၀ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ဒေသတွင်းသတင်းဝက်ဘ်ဆိုက် Lao Phattana News တွင် ယနေ့ ဖော်ပြခဲ့သည်။

သန်းခေါင်စာရင်းအရ အိမ်ထောင်စုတစ်ခုတွင် အနည်းဆုံး ခြောက်လကြာ နေထိုင်ခဲ့သူများ သို့မဟုတ် ထိုကာလအတွင်း နေထိုင်ရန် ရည်ရွယ်ထားသူများအပါအဝင် လာအိုနိုင်ငံ၏ လူဦးရေသည် ၆ ဒသမ ၇၄ သန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ကျား၊မ ခွဲခြားမှု မျှတနေဆဲဖြစ်ပြီး အမျိုးသား ၅၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၉ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

လူဦးရေ၏ ၆၅ ရာခိုင်နှုန်းသည် အလုပ်လုပ်နိုင်သောအရွယ် (၁၅နှစ်မှ ၆၄ နှစ်) ဖြစ်ပြီး ၂၄ ဒသမ ၉ ရာခိုင်နှုန်းသည် ၁၅ နှစ်အောက်ဖြစ်ကာ ၅ ဒသမ ၇ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်နှင့်အထက်ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.