၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းများကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် စတင်ဖွင့်လှစ်ကာ အခြေခံပညာအထက်တန်းအဆင့် ပညာရပ်များ သင်ကြားပေးမည်
နေပြည်တော် မေ ၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)
ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ခန်းမ၌
တွေ့ဆုံ အမှာစကားပြောကြားသည်။
အဆိုပါ
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်
(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊
ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်
ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
ဝင်းအတွင်းရှိ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည် များနှင့် မိသားစုများ တက်ရောက်ကြသည်။
စစ်သည်တော်ကောင်းတစ်ဦး၏ အင်္ဂါရပ်
ထိုသို့တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် လေ့ကျင့်ရေး သည်
အရေးကြီးပြီး တပ်မတော်သားများ၏ အသက်ခန္ဓာဖြစ်သော အမိန့်နာခံ တတ်မှုသည်
လေ့ကျင့်ရေးမှ အခြေခံခြင်းဖြစ်ကြောင်း၊ အမိန့်နာခံမှုရှိပြီး စည်းကမ်းကောင်းမွန်မှုသည်
စစ်သည်တော် ကောင်းတစ်ဦး၏ အင်္ဂါရပ်ပင်ဖြစ်ကြောင်း၊ အမိန့်နာခံမှုနှင့် စည်းကမ်းလိုက်နာမှု
အားကောင်းပါက အောင်မြင်မှုများစွာ ရရှိမည်ဖြစ်ကြောင်း၊ တပ်မတော်သားဘဝသည်
ရခဲသောဘဝဖြစ်၍ အသက်ကို စွန့်လွှတ်ရန် သစ္စာပြုထားသူများဖြစ်သည့်အတွက် မိမိတပ်မတော်သားဘဝကို
ချစ်မြတ်နိုး၍ ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ တပ်မတော်သားဇနီး၊ မယားများသည်လည်း
ဂုဏ်ယူစွာဖြင့် ပါရမီဖြည့်ဖက်ကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း။
ရာထူးနှင့်
ဥစ္စာသည် လုပ်ယူ၍မရကြောင်း၊ မိမိ၏လုပ်ဆောင်မှု၊ ကြိုးစားအားထုတ်မှုနှင့် ကိုက်ညီသော
အခြေအနေကိုသာ ရရှိနိုင်ကြောင်း၊ သင်တန်းကျောင်းများ၏ သင်တန်းဆင်းမှတ်ချက်နှင့်
အရည်အချင်း သတ်မှတ်ချက်များသည် မှန်ကန်နေရန်လိုကြောင်း၊ သင်တန်းဆင်းအရည်အချင်း
သတ်မှတ်ချက်သည် တာဝန်ပေးအပ်မှုတွင် အရေးပါသဖြင့် အရေးကြီးကြောင်း၊
၎င်းကွပ်ကဲနေသည့် အဖွဲ့အစည်းပေါ်တွင် သက်ရောက်မှုများရှိ၍ သင်တန်းကျောင်းများက
မှန်ကန်သောအရည်အချင်းအရ သတ်မှတ်ပေးရန်လိုကြောင်း၊ တပ်မတော်တွင် ထုတ်ပြန်ထားသောအမိန့်နှင့်
ညွှန်ကြားချက်များ ရှိကြောင်း၊ တပ်မတော်သားများ ဖြစ်သည့်အတွက် ဝတ်စားဆင်ယင်မှု၊
သွားလာနေထိုင်မှုကအစ စည်းကမ်းစနစ်တကျရှိရန် လိုအပ်ပြီး စည်းကမ်းသည်
တိုက်တွန်းချက်၊ တားမြစ်ချက်ပင်ဖြစ်၍ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း
လိုက်နာကြရန်လိုကြောင်း။
အုပ်ချုပ်ရေးပိုင်းတွင်
ခေါင်းဆောင်မှုသည်လည်း လွန်စွာအရေးကြီးပြီး ခေါင်းဆောင်မှုမကောင်းလျှင်
လက်အောက်၏ယုံကြည်အားကိုးမှု ကျဆင်း၍ တပ်တွင်းစည်းလုံးညီညွတ်မှုကို
ထိခိုက်စေကြောင်း၊ အမိန့်သည် ပြီးစလွယ်ပေး၍မရကြောင်း၊ မှန်ကန်သည့်
အမိန့်ဖြစ်ရန်နှင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန် လိုပြီး လိုအပ်ချက်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိလက်အောက်သို့ အရေးယူ အပြစ်ပေးရာတွင်
မဆုံးဖြတ်မီ သေချာစွာ စဉ်းစားသုံးသပ်ရန်လိုကြောင်း၊ မလိုလားအပ်သော
ဆုံးဖြတ်ချက်အလွဲများကြောင့် ကာယကံရှင်တွင် နစ်နာမှုများရှိသကဲ့သို့
တပ်မတော်အတွက်လည်း ဆုံးရှုံးမှုများဖြစ်စေကြောင်း။
တပ်မတော်သားများအနေဖြင့်
သစ္စာရှိရန် အထူးလိုအပ်ပြီး သစ္စာအဓိဋ္ဌာန် (၄) ချက်ကို နေ့စဉ်ရွတ်ဆို နေသူများဖြစ်ကြောင်း၊
သစ္စာသည် စွမ်းအားထက်မြက်သဖြင့် သစ္စာပျက်ယွင်း ချိုးဖောက်မှုများသည် ဘေးအန္တရာယ်
ဖြစ်စေကြောင်း၊ စည်းရုံးရေးနှင့် ပတ်သက်၍ အထက်အောက် အပြန်အလှန် လေးစားမှုဖြင့်
ကောင်းမွန်သော ဆက်ဆံရေးရှိရန်လိုကြောင်း၊ ခေါင်းဆောင်များသည် မိမိကွပ်ကဲ အုပ်ချုပ်ရသူများ၏
အရည်အသွေးနှင့် အကျင့်စာရိတ္တကို သိရှိရန်လိုကြောင်း၊ စည်းကမ်းနှင့်ပတ်သက်၍
ခွင့်လွှတ်၍ရသည်ကို ခွင့်လွှတ်၍ ခွင့်လွှတ်၍မရသည်ကို ခွင့်လွှတ်မပေးရန်လိုကြောင်း၊
ခွင့်လွှတ်၍ ရသည်များကို နားလည်ခွင့်လွှတ် သွန်သင်ထိန်းကျောင်းပေးသွားရန်လိုကြောင်း၊
ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စ၊ မူးယစ်ဆေးဝါး ကိစ္စစသည့် ပြစ်မှုများသည်
ခွင့်လွှတ်၍မရကြောင်း။
တပ်မတော်သားကောင်းတစ်ယောက်
ဖြစ်ရန်အတွက် မတော်လောဘဖြင့် ငွေကြေးဆိုင်ရာကိစ္စရပ် များတွင်
ပါဝင်ပတ်သက်မှုမပြုရန်နှင့် ကင်းရှင်းစွာနေထိုင်ရန်လိုကြောင်း၊ ဘာသိဘာသာနေခြင်းသည်
အဖွဲ့အစည်းကိုပျက်စီးစေနိုင်၍ စည်းကမ်းပိုင်းတွင် အသေးအဖွဲမှစ၍
လျှော့ပေါ့မပေးရန်လိုကြောင်း၊ အထက်အောက်ဆက်ဆံရေးတွင် မှန်မှန်ကန်ကန်
တင်ပြမှုသည်အရေးကြီး၍ အခြေအနေမှန်ကို တင်ပြ နိုင်မှသာ ခေါင်းဆောင်များ မှန်ကန်စွာ
ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ အဆင့်လိုက်တာဝန်ခံမှု၊ တာဝန် ယူမှုရှိပြီး
အခြေအနေမှန်ကို တင်ပြပေးရန်လိုကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍
တပ်မတော်၏ အဓိကတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန် ကျန်းမာ၊
ကြံ့ခိုင်နေရန်လိုကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးတို့သည်
ကိုယ်တိုင်လုပ်ယူရသည့်ကိစ္စဖြစ်၍ ကျန်းမာရေးကောင်းမွန်ရန် တစ်ဦးချင်း ကျင့်ကြံနေထိုင်ရန်လိုကြောင်း၊
ပညာရေးနှင့်ပတ်သက်၍ Standard Army ဖြစ်ရန် ပညာရေးကို
မြှင့်တင်သွားရန်လိုကြောင်း၊ ခေတ်မီစစ်လက်နက် ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးချနိုင်ရန်
ပညာရည် မြင့်မားရန်လိုအပ်၍ တပ်မှူးများက စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးနှင့်
ပတ်သက်၍ အရာရှိ၊ စစ်သည်များ၏ ပညာရေးကို ပိတ်ပင်ခြင်းမပြုရန်နှင့် လမ်းဖွင့်ပေးရန်၊
ဖြည့်ဆည်း ပေးရန်လိုကြောင်း၊ အလားတူ မိသားစုဝင် သားသမီးများ၏ ပညာရေးကိုလည်း
အားပေးမြှင့်တင်ရန်နှင့် အနည်းဆုံး KG+9
အဆင့်အောင်မြင်ရန်လိုပြီး ဝါသနာအရဖြစ်စေ၊ အထက်တန်းပညာရေးကို ဆက်လက်တက်ရောက်ရန်
အခက်အခဲရှိ၍ဖြစ်စေ၊ စက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများ၊ မွေးမြူရေးသိပ္ပံကျောင်းများသို့
ဆက်လက်တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးရန် လိုကြောင်း၊ တပ်ရင်း/ ဌာနချုပ် အသီးသီး၌ မူကြိုကျောင်းများကိုလည်း
ဖွင့်လှစ်ပေးထားပြီး ကလေးငယ်များ၏ နုနယ်သောစိတ်ထားကို လေ့ကျင့်သင်ကြားပေးနိုင်ရန် အရည်အချင်းရှိသော
ဆရာမများ ခန့်အပ်ပေးနိုင်ရန်လိုကြောင်း။
ထို့ပြင် လာမည့်
၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှ စတင်၍ ပညာရေးနှင့် ပတ်သက်သည့် ကဏ္ဍသစ် တစ်ခုကို စတင်ဖော်ဆောင်ရန်ရှိပြီး
တပ်မတော် လူငယ်ပညာရေး သင်တန်းကျောင်းများကို ရန်ကုန် နှင့် နေပြည်တော်တွင်
စတင်ဖွင့်လှစ်၍ အခြေခံပညာ အထက်တန်းအဆင့် ပညာရပ်များကို သင်ကြားပေး
သွားမည်ဖြစ်ကြောင်း။
ထိုသို့
ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်မျိုးဆက်သစ်
ကောင်းများ စဉ်ဆက်မပြတ် ထွန်းကားလာမည့်အပြင် ပညာပြည့်ဝသည့် တပ်မတော်သား အရင်းအမြစ်
ကောင်းများလည်း ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ အတန်းစဉ် ကူးပြောင်းမှုကောင်းပြီး
ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် ကျောင်းသားများကို
တပ်မတော်ဆိုင်ရာ တက္ကသိုလ်များနှင့် သိပ္ပံကျောင်းများ၊ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်တန်းများ၊
ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/ စာရေးသင်တန်းများအထိ တပ်မတော်၏
ကူညီဖြည့်ဆည်းပေးမှုများနှင့် ဆက်လက်တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
စိုက်ပျိုး၊
မွေးမြူရေးနှင့်ပတ်သက်၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးသည်
ကိုယ်တိုင်အကျိုး ကျေးဇူးကို လက်တွေ့ခံစားရနိုင်ပြီး ငွေပိုငွေလျှံများ
ဖြစ်ပေါ်လာနိုင်ကြောင်း၊ တပ်ပိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများသည်
တပ်ရင်းတစ်ရင်းလုံးရှိ မိသားစုများအတွက် သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးရန်ဖြစ်ကြောင်း။
အမျိုးသမီးစစ်မှုထမ်းများသည်
တပ်မတော်၏ ခွန်အားတစ်ရပ်ဖြစ်ပြီး တပ်မတော်၏ နယ်ပယ် အသီးသီးတွင် တာဝန်ကျေပွန်စွာ
ထမ်းဆောင်လျက်ရှိကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် ဖခင်၊ ညီအစ်ကို၊ မောင်နှမ၊
သားသမီးများအဖြစ် စောင့်ထိန်း၍ စောင့်ရှောက်ကာ တစ်ဖက်မှာလည်း လုပ်ဖော် ကိုင်ဖက်ကောင်းများအဖြစ် လက်တွဲခေါ်ယူကြရန်လိုကြောင်း၊
အမျိုးသမီးစစ်မှုထမ်းများအနေဖြင့် လည်း ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ မိမိအဖွဲ့အစည်းအပေါ်
သိက္ခာကျဆင်းစေသော ဝတ်စား ဆင်ယင်မှုကို ရှောင်ကြဉ်၍ခေတ်မလွန်စေရန် သတိပြုရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ
ပျက်စီးစေရာ ဖြစ်သော အကြောင်းတရား (၆)ပါးကို ရှောင်ကြဉ် ကြရန်လိုကြောင်း။
စစ်မှုထမ်းဟောင်းများသည်
တပ်မတော်၏ အမာခံအင်အားဖြစ်၍ နီးစပ်ရာအလိုက် လိုအပ်ချက်များကို
ဖြည့်ဆည်းပေးရန်လိုကြောင်း၊ စစ်မှုထမ်းဟောင်းများ၏ မိသားစုများအထိ ကျန်းမာရေး၊
ပညာရေး စသည်တို့ကို ကူညီစောင့်ရှောက်ပေးရန်လိုကြောင်း၊ ထို့အတူ
ပြည်သူ့စစ်မှုထမ်းများသည် နိုင်ငံတော်အတွက် အရေးကြုံချိန် နိုင်ငံသားကောင်းတစ်ယောက်ပီသစွာဖြင့်
တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသူများဖြစ်၍ အသိအမှတ်ပြု
ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများကိုလည်း
အလုပ်အကိုင်အခွင့်အလမ်းများအတွက် လိုအပ်သည်များ စီမံ ဆောင်ရွက်ပေးလျက်ရှိပြီး
ထိုက်သင့်သော အကျိုးခံစားခွင့်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ထို့ပြင်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လိုသည့်အတွက်
ကိုယ်တိုင်ဆန္ဒပြု၍ တပ်မတော်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေကြသူများလည်းရှိ၍
ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် အဆိုပါပြည်သူ့
စစ်မှုထမ်းများအား ဖခင်စိတ်ဓာတ်၊ ညီအစ်ကို စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ်တို့ဖြင့်
လက်တွဲ ခေါ်ယူရန်လိုကြောင်း။
တပ်မတော်သားများအနေဖြင့်
တာဝန်ထမ်းဆောင်ရာတွင် စေတနာထား၍ လုပ်ဆောင်ရန်၊ သစ္စာရှိစွာ လုပ်ဆောင်ရန်လိုကြောင်း၊
အခွင့်အရေး၊ ရာထူးမြော်တွေး၍ မလုပ်ဆောင်ကြရန်လိုကြောင်း၊ ထိုသို့ စေတနာ၊
သစ္စာရှိစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် အောင်မြင်သော တပ်မတော် သားကောင်းများဖြစ်အောင်
မိမိကိုယ်ကိုမိမိ တည်ဆောက်သွားရန်လိုကြောင်း ပြောကြားပြီး တက်ရောက်လာကြသည့်
အရာရှိ၊ စစ်သည်၊ မိသားစု များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်
ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments