မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ အိုင်ကလောင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း ကြည့်ရှုစစ်ဆေး

 



နေပြည်တော် မေ ၇


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ ဦးဆောင်သော အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အိုင်ကလောင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် အကျဉ်း သားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး ၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှုရှိ၊ မရှိ၊ လုပ်ငန်းခွင်အတွင်း ထိခိုက် ဒဏ်ရာရရှိပါက ဆေးကုသပေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်မှုရှိ၊ မရှိ၊ အလုပ်နားရက်တွင် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပေးမှု၊ အကျဉ်းသားများက စခန်းစာကြည့်တိုက်ရှိ စာအုပ်များ ငှားရမ်းဖတ်ရှုရာတွင် လွယ်ကူစွာဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးမှု ရှိ၊ မရှိ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိ၊ မရှိ၊ မိသားစုတွေ့ဆုံခွင့်နှင့် ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာရရှိခြင်းရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံး အဆောင်ပစ္စည်းများ ရရှိခြင်းရှိ၊ မရှိ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြား ဆက်ဆံမှု ရှိ၊ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်သည်။


ထို့နောက် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိတို့ကို ကြည့်ရှု စစ်ဆေးပြီး အကျဉ်းသားများ လေ့လာ ဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေများကို ကော်မရှင်ကလှူဒါန်းသည်။


ကြည့်ရှုစစ်ဆေးရေး အဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြု ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.