ကမမောင်းမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် ရေပြင်မီးငြှိမ်းသတ်ရေး သဏ္ဌာန်တူသရုပ်ပြပွဲ ကျင်းပ

 



ကမမောင်း မေ ၂၄


ကရင်ပြည်နယ် ကမမောင်းမြို့တွင် မေ ၂၂ ရက် နံနက် ၉ နာရီက သံလွင်ဦး မြို့မဈေးရှေ့ စက်လှေဆိပ်၌  ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးသဏ္ဌာန်တူ သရုပ်ပြပွဲ ပြုလုပ်သည်။


ဦးစွာ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က မိုးတွင်းကာလ ရေကြီးရေလျှံမှု ဖြစ်ပွားပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ သံလွင်မြစ်ကြောင်း တစ်လျှောက် ကူးသန်းသွားလာနေသော ခရီးသည်များနှင့် စက်လှေ မောင်းနှင်သူများအား အသက်ကယ်အင်္ကျီများ ဝတ်ဆင်ပြီးမှ သွားလာကြရန်နှင့် မီးလောင် လွယ်သောပစ္စည်းများ သယ်ယူခြင်းကြောင့် မီးလောင်မှုဖြစ်ပွားနိုင်ခြင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား​မှုဦးစီးဌာနက ထုတ်ပြန်သော ရာသီဥတုသတိပေးချက်များကို အလေးထား ဂရုစိုက်လိုက်နာကြရန် အသိပညာပေးပြောကြားသည်။


ဆက်လက်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၂၅ ဦး၊ ရှာဖွေကယ်ဆယ်ရေး စက်လှေငါးစင်းဖြင့် သံလွင်မြစ်အတွင်း ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဇာတ်တိုက် လေ့ကျင့်သရုပ်ပြရာ ကမမောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.