ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရထားပို့ဆောင်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ
ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ် အင်ဂျင်နီယာဌာန
စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့ သွားရောက်၍
ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)
သို့ ရောက်ရှိကြရာ ပို့ဆောင်ရေးဝန်ကြီးဌာနဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် မြန်မာ့မီးရထားမှ
တာဝန်ရှိသူများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်
တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
တိုင်းပြည်နှင့် ပြည်သူ့အကျိုးကိုဖော်ဆောင်ပေးနိုင်သည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး
လုပ်ငန်းရပ်တစ်ခုဖြစ်
ထို့နောက်
စက်ရုံအစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတက ရထားပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးနှင့်ပတ်သက်၍
ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ရထားပို့ဆောင်ရေးကို ၁၈၇၇ ခုနှစ်တွင်
ရန်ကုန် - ပြည် ရထားလမ်းပိုင်း စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပြီး အရှေ့တောင်အာရှတွင်
အစောဆုံးသော ရထားပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇယ်စက်ခေါင်း
အသုံးပြုရာတွင်လည်း အစောဆုံးဖြစ်ခဲ့ကြောင်း၊ မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် ၂၀၂၇
ခုနှစ်တွင် နှစ်ပေါင်း ၁၅၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး နှစ်ပေါင်း ၁၅၀
ခန့်ရှိပြီဖြစ်သည့် ရထားပို့ဆောင်ရေး စနစ်သည် ယခုထက်ပိုမို၍
ဖွံ့ဖြိုးတိုးတက်သင့်သည်ဟု ထင်မြင်မိကြောင်း၊ လက်ရှိ မြန်မာ့မီးရထားတွင် ဧက လမ်း
၃၄၈၃ မိုင်၊ ဒွေးလမ်း ၃၈၅ မိုင် စုစုပေါင်းရထားလမ်းမိုင် ၃၈၆၈
မိုင်ရှိပြီဖြစ်ကြောင်း၊ ရထား ပို့ဆောင်ရေးသည် ခရီးသွားပြည်သူများ၏အကျိုးကို
ဖော်ဆောင်ပေးနိုင်သကဲ့သို့ နိုင်ငံတော် အတွက်လည်း အကျိုးရှိသည့်လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊
ကမ္ဘာ ပေါ်ရှိ နိုင်ငံအများအပြားတွင်လည်း ရထားပို့ဆောင် ရေးစနစ်ကို
ကျယ်ကျယ်ပြန့်ပြန့်နှင့် အကျိုးရှိစွာ အသုံးပြုလျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း။
ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံစင်္ကြံများ၊
ရထားလမ်းကူးများ၊ တံတားများ၊ အခြားဖြစ်နိုင်ဖွယ်ရှိသည်များအားလုံးကို
လေ့လာတွက်ချက်၍ စနစ်တကျဖြင့် အဆင့် မြှင့်တင်သွားရန်
မြန်မာနိုင်ငံရှိ
ရထားလမ်းများအနေဖြင့် သတ်မှတ်အရည်အသွေးများနှင့် အဆင့်မီမှုအားနည်းလျက် ရှိသည်ကို
တွေ့မြင်ရကြောင်း၊ ရထားလမ်းများ အရည်အသွေးနှင့် အဆင့်မီမှုရှိမှသာလျှင်
ရထားများကို မြန်နှုန်းမြင့် မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်သဖြင့် ရထားလမ်းများ
အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ရထားလမ်းများအဆင့်မြှင့်တင်ရာတွင်
ရထားသံလမ်းများ၊ ဇလီဖားတုံးများ၊ အောက်ခံကျောက်များ သတ်မှတ်အရည်အသွေး ပြည့်မီရမည်ဖြစ်သကဲ့သို့
ရထားလမ်းကွေ့နေရာများ၊ အနိမ့်အမြင့် နေရာများကိုလည်း စနစ်တကျ ထည့်သွင်းတွက်ချက်
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိအနေဖြင့် မီးရထားလမ်းများ အဆင့်မြှင့်တင်ရေးအတွက်
ပြုပြင်ပြောင်းလဲမှုများ များစွာဆောင်ရွက် ပေးလျက်ရှိကြောင်း။
ရထားပို့ဆောင်ရေးကို
ပြည်သူများ ယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝအားကိုး အသုံးပြုနိုင်ရေးအတွက်
မိမိတို့အနေဖြင့် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်
ကမ္ဘာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများအရ လောင်စာဆီအခက်အခဲများကို
ကြုံတွေ့ရလျက်ရှိကြောင်း၊ ထိုသို့ ကြုံတွေ့နေရသည့်အချိန်တွင် မိမိတို့အနေဖြင့်
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး Public Transportation ကို ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေး စနစ်များတွင်
လေယာဉ်၊ မော်တော်ယာဉ်၊ ရေယာဉ်နှင့် ရထားပို့ဆောင်ရေး ဟူ၍ရှိပြီး ရထားသည်
ခရီးသည်နှင့် ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများ
ပို့ဆောင်ပေးနိုင်သည့် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ကြောင်း၊
ရထားပို့ဆောင်ရေး လုပ်ငန်းသည် နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိသည့်
သယ်ယူပို့ဆောင်ရေးလုပ်ငန်းရပ်တစ်ခု ဖြစ်ပြီး ရထားကိုအသုံးပြုခြင်းကြောင့်
လောင်စာဆီများသုံးစွဲရမှုကိုလည်း သက်သာစေနိုင်ကြောင်း၊ ရထားပို့ဆောင်ရေးစနစ်ကို
ပြည်သူများ ပိုမိုအားကိုးလာစေရေး ရထားနှင့်ပတ်သက်၍ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မြန်မြန်ဆန်ဆန်နှင့် ပို့ဆောင်နိုင်မည်ဆိုပါက
ရထားစီးနင်းသုံးစွဲသူများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်
အဓိကကျသည့် မီးရထားလမ်းများ၌ ကုန်စည်များ အမြဲမပြတ်ပို့ဆောင်
ပြေးဆွဲနိုင်ရေးအတွက်လည်း ဆောင်ရွက်နေရန် လိုကြောင်း။
ရန်ကုန်-မန္တလေး၊
ရန်ကုန်-မော်လမြိုင်၊ ရန်ကုန် - ပြည် စသည့်ရထားလမ်းများကို ဦးစားပေးအနေဖြင့်
အဆင့်မြှင့်တင် ပြုပြင်သွားကြရမည်ဖြစ်ကြောင်း၊ ရထားတွဲများ
မည်မျှပင်ကောင်းသည်ဖြစ်စေ ရထားလမ်းများ ကောင်းမွန်မှုမရှိပါက ထိရောက်ကောင်းမွန်မှု
ရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ရထားလမ်းများ အဆင့်မီကောင်းမွန်ရေးကို
မဖြစ်မနေဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရထားလမ်းများ အပိုင်းလိုက်အဆင့်မြှင့်တင်ခြင်းများကို
ဆောင်ရွက်ရာတွင် ယခင်ကဂျပန်နိုင်ငံမှ ချေးငွေများဖြင့်ဆောင်ရွက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့်
တုံ့ဆိုင်းနေသဖြင့် နောက်ပိုင်းတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေမှစိုက်ထုတ်၍
အဆင့်မြှင့်တင်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည်
ပြည်သူများ၏သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊
လက်ရှိ ၇၅ ပေါင်သံလမ်းများကိုလည်း အဆင့်မြှင့်တင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး
ပေါင် ၁၁၀ သံလမ်းများ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက်လည်း ဆက်လက် လျာထား စဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
ရထားလမ်းများကောင်းမွန်စေရေးအတွက် အဓိကအနေဖြင့် ကျောက်များသတ်မှတ်ချက်များနှင့်အညီ
စံချိန်စံညွှန်းပြည့်မီစွာ ထည့်သွင်းနိုင်ရမည် ဖြစ်ကြောင်း၊ ကျောက်များကို သတ်မှတ်ချက်များနှင့်အညီ
ပြည့်မီအောင် ထည့်သွင်းထားရှိခြင်းဖြင့် ဇလီဖားတုံးများအား ထိန်းညှိပေးခြင်း၊
ဝန်ကိုမျှတစေခြင်း၊ တုန်ခါမှုများအား ထိန်းညှိပေးခြင်း၊ ရေစီးရေလာကို
ကောင်းမွန်စေခြင်း၊ လမ်းကြောင်းတစ်လျှောက် ပေါင်းမြက်နှင့် အပင်များ ပေါက်ရောက်မှုကို
လျှော့ချပေးခြင်း၊ အသံနှင့်အပူတို့ကို လျှော့ချပေးခြင်း စသည့်အကျိုးကျေးဇူးများကို
ရရှိစေနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထိုကဲ့သို့သော
အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရေး ကျောက်များခင်းကျင်းခြင်းကို စနစ်တကျဖြင့်
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လိုအပ်သည့် ကျောက်များရရှိရန်အတွက်လည်း
မိမိတို့အနေဖြင့် အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့်
အကျိုးရှိရှိ အသုံးချသွားကြရန်လိုကြောင်း။
ရထားလမ်းအဆင့်မီရေးတွင်
ကျောက်ပြည့်မီအောင် ဖြည့်သွင်းဆောင်ရွက်ခြင်းသည် အရေးကြီး သကဲ့သို့
ဇလီဖားတုံးများအား သတ်မှတ်ထားသည့် အကွာအဝေးများ၌ အရေအတွက် ပြည့်မီစွာဖြင့်
အရည်အသွေး ပြည့်မီအောင် ထည့်သွင်းထားရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ပြင်
ရထားလမ်းကွေ့ နေရာများကိုလည်း သတ်မှတ်အမြန်နှုန်းနှင့်အညီ မောင်းနှင်နိုင်ရေး
စနစ်တကျလေ့လာ၍ ပြန်လည် တွက်ချက်ပြင်ဆင်ခြင်း၊ Super Elevation များထည့်သွင်းခြင်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ၇၅ ပေါင်
စံကိုက်လမ်းကို အမြန်နှုန်းမည်မျှအထိ မောင်းနှင်နိုင်မည်ကို
စမ်းသပ်မောင်းနှင်သွားရန် လိုကြောင်း၊ အမြန်နှုန်းများ
မြှင့်တင်ဆောင်ရွက်နိုင်ခြင်းဖြင့် ခရီးသွားပြည်သူများအတွက် အချိန်ကုန် သက်သာစေနိုင်မည်ဖြစ်ကြောင်း။
ရထားလမ်းများ
အဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံစင်္ကြံများ၊ ရထားလမ်းကူးများ၊ တံတားများ၊
အခြားဖြစ်နိုင်ဖွယ်ရှိသည်များ အားလုံးကိုလည်း လေ့လာတွက်ချက်၍ စနစ်တကျဖြင့် အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊
စင်္ကြံနှင့် ရထားကြမ်းခင်းများ Level ညီရန်လိုကြောင်း၊
ထိုသို့ ဆောင်ရွက်ရာတွင် အဓိကကျသည့်ဘူတာများကို ကြိုတင်ပြင်ဆင်ပြီး ကျန်ရှိသည့် ဘူတာငယ်များကို
ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းတစ်လျှောက်ရှိ
ရထားလမ်းကူးများ၊ တံတားများနှင့် ပတ်သက်၍လည်း ရထားသံလမ်းများအဆင့်မြှင့်တင်
သွားမည်ဆိုပါက တံတားများ ကိုလည်း မြှင့်တင်နိုင်ရေး စနစ်တကျ
တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထား လမ်းကြောင်းများ တစ်လျှောက်၌
အသွားအလာများပြားသည့် ရထားလမ်းကူးနေရာများ၌လည်း ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊
လမ်းကူးအချက်ပြစနစ်များ စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊ ရထားဖြတ်သန်းချိန်၌
ဂိတ်တံခါးများ စနစ်တကျဖြင့် အဖွင့်၊ အပိတ် ဆောင်ရွက်ပေးခြင်းတို့ကိုလည်း စနစ်တကျသုတေသနပြု
ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်းကြောင်း
တစ်လျှောက်၌ စနစ်တကျဖြစ်စေရေး ဆောင်ရွက် သွားရမည်ဖြစ်ပြီး နောင်အနာဂတ်ကာလတွင်
မြေအောက်ရထားလမ်းများ တည်ဆောက်အသုံးပြု နိုင်သည်အထိ စနစ်တကျသုတေသနပြု တွက်ချက်
ဆောင်ရွက်ထားရှိရန်လိုကြောင်း။
ရထားတွဲများ အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍လည်း
ရထားတွဲများအား စံနှုန်းတစ်ခုသတ်မှတ် ဆောင်ရွက်သွားရန်လိုကြောင်း၊
မိမိတို့နိုင်ငံတွင် ယခင်ကတည်းက မီးရထားတွဲများ တည်ဆောက်ခဲ့သည့် အတွေ့အကြုံများစွာ
ရှိပြီးဖြစ်သဖြင့် ပြည်တွင်း၌ ရထားတွဲများ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊
ရထားတွဲများ၏ အလျား၊ အနံများအနေဖြင့် တူညီမှုမရှိကြသည်ကိုလည်း လေ့လာတွေ့ရှိရသဖြင့်
မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ရထားတွဲများ ဖြစ်စေရေး၊ ခရီးသွားပြည်သူများ
ချောင်ချောင်ချိချိ သက်သက်သာသာဖြင့် စီးနင်းနိုင်သည့်ရထားတွဲများ ဖြစ်စေရေး
စနစ်တကျဖြင့် လေ့လာ၍ သုတေသနပြုတွက်ချက်တည်ဆောက် ထုတ်လုပ်သွားကြရန်လိုကြောင်း၊
လက်ရှိအချိန်တွင် ဘက်ထရီလျှပ်စစ် စက်ခေါင်း (Battery Electric Locomotives - BEL)နှင့် ဘက်ထရီလျှပ်စစ်ရထားတွဲ (Battery
Electric Multiple Unit - BEMU)များကို
တည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြစ်ရန်လိုကြောင်း။
မီးရထားတွဲများနှင့်ပတ်သက်၍
မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် စံနှုန်းတစ်ခုအား သတ်မှတ်သွားရန်လိုပြီး နောင်တွင်
ပုဂ္ဂလိကမီးရထားလုပ်ငန်းများ ပေါ်ပေါက်လာပါကလည်း ချမှတ်ထားသည့်
စံသတ်မှတ်ချက်များနှင့်အညီ ဖြစ်ရန်လိုကြောင်း၊ မီးရထားစီးခရီးသည်များအနေဖြင့်လည်း
စည်းကမ်း စနစ်တကျဖြစ်စေရေး အသိပညာပေးခြင်း၊ ကြပ်မတ်ခြင်းတို့ကို
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ မီးရထားဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏
မီးရထားတွဲများအားလုံး သန့်ရှင်းသပ်ရပ်မှု ရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး
အသေးစိတ်မှစ၍ ဝန်ဆောင်မှု ကောင်းပေးနိုင်ရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊
မီးရထားစီးနင်းသူ ခရီးသွား ပြည်သူများအနေဖြင့် စည်းကမ်းချက်များနှင့်အညီလိုက်နာ၍
စီးနင်းလိုက်ပါရေးအတွက်လည်း မီးရထား ဝန်ထမ်းများက တိုက်တွန်းဆောင်ရွက်သွားရန်လိုကြောင်း။
ရထားခေါင်းတွဲများနှင့်
ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် အသုံးပြုနေသည့် ရထားစက်ခေါင်း အမျိုးအစား များစွာရှိပြီး
မည်သည့်ရထားစက်ခေါင်းကို အသုံးပြုသည်ဖြစ်စေ စက်ခေါင်း ကောင်းမွန် ကြံ့ခိုင်မှုရှိစေရေးနှင့်
သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရထားစက်ခေါင်းများ၊
ရထားတွဲများအားလုံး ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေးအတွက် စနစ်ကျနသည့် စစ်ဆေးမှု ရှိရန်လိုပြီး
အသုံးပြုနေသည့်ကာလအတွင်း စနစ်များအားလုံး ကောင်းမွန်နေစေရေး
ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားစက်ခေါင်းများ၊ မီးရထားတွဲများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊
ဆေးများစနစ်တကျ ဖြစ်စေရေးနှင့် ရထားတွဲများအားလုံး ကောင်းမွန်မှုရှိစေရေး
ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။
ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းများ
ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုပါ
ထည့်သွင်းစဉ်းစားရန်လို
ရထားလမ်းများ
အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍
ရထားလမ်းများ ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်း အဆင့်မြှင့်တင်နိုင်ရေးအတွက်ကိုပါ
ထည့်သွင်း တွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ အသွားအလာများပြားသည့်
ရန်ကုန်-ပြည် လမ်းပိုင်းကို ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊
ရန်ကုန် - မော်လမြိုင် - ရေး - ထားဝယ်အထိ သွားရောက်နိုင်သည့်
ရထားလမ်းတည်ဆောက်နိုင်ရေးအတွက် လည်း ဆောင်ရွက်လျက်ရှိပြီး ရေးနှင့် ထားဝယ်အပိုင်း
တွင် လက်ရှိလမ်းထက်ကောင်းမွန်မည့် ပင်လယ် ကမ်းခြေတစ်လျှောက်မောင်းနှင်နိုင်သည့်
ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သောလမ်းတစ်ခု ဖြစ်အောင်
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည် - ပုဂံ သွားရထားလမ်းအား ပြန်လည်ပြင်ဆင်
အဆင့်မြှင့်တင်ရာတွင်လည်း သာယာလှပပြီး ရှုမောဖွယ်ဖြစ်သည့်
ရှုမျှော်ခင်းများပါရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊
ရထားစီးခရီးသည်များအနေဖြင့် သာယာသည့် သဘာဝ ပတ်ဝန်းကျင်ကို ကြည့်ရှုစီးနင်း
လိုက်ပါကာပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ ဘုရားစေတီပုထိုးများကို
ရောက်ရှိဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် ရထားစီးခရီးသည်များနှင့်
ခရီးသွားများကို ပိုမိုဆွဲဆောင်စေနိုင်မည်ဖြစ်ကြောင်း။
ဇီးပင်ကြီး - ပြင်ဦးလွင်
- နောင်ချို - သီပေါ မီးရထား လမ်းကြောင်း၊ သာစည် - ကလော - တောင်ကြီး - နောင်ကား
မီးရထားလမ်းကြောင်းတို့အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး
ပုံမှန်အတိုင်း ပြေးဆွဲပေးနိုင်ရန်လိုကြောင်း၊ လမ်းကြောင်းတစ်လျှောက်ရှိ
လွန်းထိုးရှောင်လမ်းများရှာဖွေ၍ လွန်းထိုးများ လျှော့ချခြင်း၊
အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြား
လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု
မှတ်တမ်း Video Clip အား ကြည့်ရှုကြသည်။
ယင်းနောက်
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက
မြန်မာ့မီးရထား သမိုင်းအကျဉ်း၊ လက်ရှိပြေးဆွဲလျက်ရှိသည့် ရထားလမ်းပိုင်းများနှင့်
လူစီးရထားများ၊ ကုန်ရထားများ ပြေးဆွဲလျက်ရှိမှု၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ
ရထားလမ်းပိုင်း၊ တံတားနှင့်ဘူတာရုံများ အသစ် တည်ဆောက်ခြင်း
ပြုပြင်ခြင်းများဆောင်ရွက်ခဲ့မှု၊ မီးရထားစက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်ခဲ့မှု၊
ဘက်ထရီလျှပ်စစ် စက်ခေါင်းသစ်များ တည်ဆောက်ထုတ်လုပ်နေမှုနှင့်
ထုတ်လုပ်တပ်ဆင်ပြီးသည့် ဘက်ထရီလျှပ်စစ် စက်ခေါင်းများဖြင့် ပြေးဆွဲလျက်ရှိမှု၊
ရေနွေးငွေ့စက်ခေါင်းများ ပြန်လည်ပြုပြင် မွမ်းမံထားရှိမှု၊ DEMU များ ရောက်ရှိပြေးဆွဲလျက်ရှိမှု၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆
ခုနှစ်အထိ တွဲအသစ်များ ဝယ်ယူ တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊
လက်ရှိဆောင်ရွက်နေသည့် စက်ခေါင်းနှင့်တွဲ ပြောင်းလဲ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
ဘက်ထရီလျှပ်စစ်ရထားတွဲ (Battery Electric Multiple Unit - BEMU)
တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊
ရထားလမ်း ပိုင်းများနှင့် တံတားများ ဆက်လက်တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း တည်နေရာနှင့်
သမိုင်းအကျဉ်း၊ ဖွဲ့စည်းပုံ၊ လေ့ကျင့်ရေးနှစ်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိမှု၊ မြန်မာ့မီးရထားဆိုင်ရာသင်တန်း
များတွင် စစ်သည်သင်တန်းသားများ ပါဝင်တက်ရောက်လျက်ရှိမှုတို့နှင့် ပတ်သက်၍
ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက ရထားလမ်းအဆင့်မြှင့်တင်ခြင်းများ၊ ဘူတာရုံ အသစ်များ တည်ဆောက်ခြင်းတို့ကို
ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် ကြိုတင်တွက်ချက်ပြီးမှသာ တည်ဆောက်သွားရန်လိုပြီး
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြင်ဆင်ထိန်းသိမ်းစရိတ်များကို များစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊
ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများအား ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် ပြန်လည်ပြင်ဆင်ပြေးဆွဲနိုင်ရေး
ဆောင်ရွက်သွားရန် လိုကြောင်း။
မီးရထားတွဲများ
တည်ဆောက်မှုနှင့်ပတ်သက်၍ ရေရှည်ကိုကြည့်ပြီး ဆောင်ရွက်သွားကြရန် လိုကြောင်း၊
ဘက်ထရီစက်ခေါင်းဖြင့် မောင်းနှင်ခြင်းနှင့် လျှပ်စစ်ကြိုးသွယ်တန်း၍
မောင်းနှင်ခြင်းတို့၏ အားသာချက်နှင့် အားနည်းချက်များကို ဖော်ထုတ်သွားရန်လိုကြောင်း။
မီးရထားဝန်ထမ်းများ
ဖွဲ့စည်းခန့်အပ်ထားရှိမှုနှင့်ပတ်သက်၍လည်း စနစ်တကျရှိစေရေးဆောင်ရွက်
သွားရန်လိုကြောင်း၊ သက်ဆိုင်ရာအဆင့်အလိုက် ရာထူးများခန့်အပ်ခြင်း၊
ထောက်ပံ့ရေးစရိတ်များ ထုတ်ပေးခြင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများကိုလည်း
ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်
သင်တန်းဖွင့်လှစ်သည်မှစတင်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွား ရန်လိုကြောင်း၊
အခြားနိုင်ငံများ၏ ရထားပို့ဆောင်ရေးနှင့် ပတ်သက်သည့် ဖွင့်လှစ်လျက်ရှိသော
သင်တန်းများကိုလည်း လေ့လာဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်အနာဂတ်တွင်
မီးရထားပြေးဆွဲမှုအား ပုဂ္ဂလိက နှင့်ပူးပေါင်း၍ ဆောင်ရွက်နိုင်ရေးအတွက်လည်း
ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်းနှင့်
အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား ဆွေးနွေးသည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)
အတွင်း၌ ဘက်ထရီလျှပ်စစ်ရထား တွဲဆိုင်း (BEMU) များ၊ ဘက်ထရီလျှပ်စစ် စက်ခေါင်းသစ် (BEL) များနှင့် ဘက်ထရီတွဲများ တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ဘက်ထရီလျှပ်စစ် ရထားတွဲဆိုင်း
(BEMU)
များကို ရန်ကုန်မြို့ပတ်နှင့်
ခရီးတိုလမ်းပိုင်းများအတွက် သာမက ခရီးရှည်များတွင် အသုံးပြုနိုင်ရေးအတွက်လည်း
ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments