တောင်ကိုရီးယားနိုင်ငံ၌ ဧပြီလတွင် လူဦးရေရွှေ့ပြောင်းနေထိုင်မှုနှုန်း မြင့်တက်
မေ ၂၇
တောင်ကိုရီးယားနိုင်ငံတွင် အိမ်ရာအရောင်းအဝယ်များ မြင့်တက်လာခြင်းကြောင့် လူဦးရေ ရွှေ့ပြောင်းနေထိုင်မှုနှုန်းသည် ပြီးခဲ့သည့်လက ဂဏန်းတစ်လုံးဖြင့် မြင့်တက်လာခဲ့ကြောင်း စာရင်းအင်းဝန်ကြီးဌာန၏ အချက်အလက်များက ယနေ့တွင် ဖော်ပြထားသည်။
ဒေတာနှင့် စာရင်းအင်းဝန်ကြီးဌာန၏ ပြောကြားချက်အရ ဧပြီလတွင် အခြားပြည်နယ် သို့မဟုတ် မြို့သို့ ပြောင်းရွှေ့နေထိုင်သူဦးရေ စုစုပေါင်း ၅၀၆၀၀၀ ဦးရှိပြီး ပြီးခဲ့သည့်နှစ် အလားတူလနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
ယင်းတိုးတက်မှုသည် အိမ်ရာအရောင်းအဝယ်များ လျင်မြန်စွာ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။
ကျေးလက်ဒေသများတွင် အခြေခံဝင်ငွေကဲ့သို့သော မူဝါဒဆိုင်ရာ အကျိုးသက်ရောက်မှုများသည်လည်း ကျေးလက်ဒေသများသို့ နေထိုင်သူအသစ်များကို ဆွဲဆောင်ရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။
လူဦးရေ ရွှေ့ပြောင်းနေထိုင်မှုနှုန်းသည် လူ ၁၀၀ လျှင် မတူညီသော ဒေသသို့ ပြောင်းရွှေ့နေထိုင်သူဦးရေကို တိုင်းတာပြီး ဧပြီလတွင် ၁၂ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိလာကာ တစ်နှစ်တာအတွင်း ၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ဂျောင်ဂီပြည်နယ်တွင် ၃၇၉၇ ဦး၊ မြောက်ချုံချုံးပြည်နယ်တွင် ၁၆၄၅ ဦးနှင့် တောင်ချုံချုံးပြည်နယ်တွင် ၁၃၆၈ ဦးဖြင့် ပြည်နယ်နှင့် မြို့ကြီး ၁၀ ခုတွင် လူဦးရေ တိုးလာကြောင်း ဖော်ပြထားသည်။
မြို့တော်ဆိုးလ်တွင် လူဦးရေ ၆၃၄၁ ဦး၊ အရှေ့တောင်ပိုင်းဆိပ်ကမ်းမြို့ဘူဆန်တွင် လူဦးရေ ၁၀၄၀ ဦး နှင့် အနောက်တောင်ပိုင်းဂွမ်ဂျူးတွင် လူဦးရေ ၉၁၃ ဦး အပါအဝင် ဒေသခုနစ်ခုတွင် လူဦးရေလျော့နည်းခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments