ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး
ပူတာအို မေ ၂၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်
ယနေ့တွင် ပူတာအိုမြို့နယ် ပူတာအို တိမ်ပင်လယ်ရှိရာ တောင်မှ နမ့်ထွမ်ခူး ကျေးရွာသွားလမ်း
ဖောက်လုပ်ထားရှိမှု၊ နမ့်ထွမ်ကျေးရွာ လယ်မြေများနှင့် ကျေးရွာနေအိမ်များ ရေတိုက်စားခံရနိုင်သည့်
အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကျေးရွာ ဘုရားကျောင်း၌ ဒေသခံပြည်သူများနှင့်
တွေ့ဆုံအမှာစကား ပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖများ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
တင်ပြမှုများအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
ပြည်နယ်ဝန်ကြီးများက ကျေးရွာနေ ပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် သိန်း ၃၀၀၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး
VDP ရန်ပုံငွေကျပ် သိန်း ၁၅၀၊ Cash For Work စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၅၀ နှင့်
၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် ဆင်းဧကရီ(၃) အထွက်တိုးမျိုးစပါးအိတ်များကို
ထောက်ပံ့ပေးအပ်ပြီး ကျေးရွာဘောလုံးကွင်း ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေကို
ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာအနီးရှိ
ပါတိတ်ချောင်းပေါ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ
ဆောင်ရွက်ထားသည့် ဆန်ဂေါင်ဆည်အထက် ရေဝင်လမ်းကြောင်း အကျယ်ရရှိအောင် ဆောင်ရွက်ထားရှိမှု၊
ရေတိုက်စားသည့် ချောင်းကမ်းပါးနေရာအား ကျောက်စီနံရံ ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်
ပြီးစီးမှုနှင့် မာမဲ့ရှီးဒီကျေးရွာနေ ပြည်သူများ၏ မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး
ကျေးရွာဘုရားကျောင်း၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments