ဘရာဇီးနိုင်ငံအရှေ့ပိုင်း၌ အဆောက်အအုံပြိုကျမှုကြောင့် အလုပ်သမား သုံးဦးသေဆုံး



မေ ၁၈

ဘရာဇီးနိုင်ငံအရှေ့ပိုင်း ဘာဟီယာပြည်နယ်၏ မြို့တော် ဆယ်လ်ဗေဒေါတွင် လေးထပ်တိုက်တစ်လုံး ပြိုကျပြီးနောက် အလုပ်သမား သုံးဦးသေဆုံးပြီး အခြားသုံးဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း မီးသတ်ဌာနက ယမန်နေ့ကပြောကြားခဲ့သည်။

မေ ၁၆ ရက်က အဆောက်အအုံပြိုကျခဲ့သည့် လူးဝစ် အန်ဆယ်မိုရပ်ကွက်ရှိ အပျက်အစီးများအောက်မှ တတိယမြောက်ရုပ်အလောင်းကို မီးသတ်သမားများက ယမန်နေ့အစောပိုင်းက ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်နေသော အလုပ်သမားသုံးဦးနှင့်အတူ အမျိုးသားတစ်ဦး၊ ၎င်း၏ဇနီးနှင့် ၎င်းတို့၏ ၁၈ လသားကလေးငယ်တစ်ဦးတို့သည် ပြိုကျမှုဖြစ်ပွားချိန်က အဆောက်အအုံအတွင်း၌ ရှိနေခဲ့သည်ဟု  အာဏာပိုင်များက ပြောကြားခဲ့သည်။

ထိုမိသားစုသည် ပြိုကျမှုမဖြစ်ပွားမီ ထွက်ပြေးနိုင်ခဲ့ကြောင်း၊ အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီး အမျိုးသားနှင့် ကလေးငယ်မှာမူ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဖော်ပြထားသည်။

အဆောက်အအုံကို ပြန်လည်ပြုပြင်မွမ်းမံနေသော အလုပ်သမားသုံးဦးသည် ပြိုကျမှုတွင် သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။

ပြိုကျမှု၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဆယ်လ်ဗေဒေါ၏ အရပ်ဘက် ကာကွယ်ရေး အေဂျင်စီက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.