စပိန်လာလီဂါဖလားကို နှစ်ရာသီဆက်ရယူဆွတ်ခူးနိုင်တော့မယ့် ဘာစီလိုနာ



ဘာစီလိုနာအသင်းဟာ မေ ၃ ရက် ညပိုင်းက အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန် လာလီဂါပွဲစဉ်မှာ အိုဆာဆူနာအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် စပိန်လာလီဂါဖလားကို နှစ်ရာသီ ဆက်တိုက် ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။

နည်းပြဟန်စီဖလစ်ရဲ့    ဘာစီလိုနာအသင်းဟာ   အိုဆာဆူနာအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၄ မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာ   ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဘာစီလိုနာအသင်း အတွက် သွင်းဂိုးတွေကို ဒုတိယပိုင်းပွဲကစားချိန် ၈၁ မိနစ်မှာ လီဝန်ဒိုစကီးက တစ်ဂိုး၊ ၈၆ မိနစ်မှာ ဖာရန်တောရက်စ်က တစ်ဂိုးသွင်းယူပေးခဲ့ကာ အိုဆာဆူနာအသင်းအတွက်ချေပဂိုး တစ်ဂိုးကိုတော့    ဒုတိယပိုင်းပွဲကစားချိန် ၈၈ မိနစ်မှာ ရာအူးဂါစီယာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး လီဝန်ဒိုစကီး ဟာ ယခုဘောလုံးရာသီအတွင်းမှာ ဘာစီလိုနာအသင်းနဲ့အတူ စပိန်လာလီဂါသွင်းဂိုး ၁၃ ဂိုးအထိ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

နှစ်မှတ်သာလိုအပ်

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပွဲစဉ်(၃၄) ယှဉ်ပြိုင်ကစားပြီးနောက် ရမှတ် ၈၈ မှတ်အထိ စုဆောင်းနိုင်ခဲ့တာကြောင့် စပိန်လာလီဂါ ဖလားရရှိရန်   ရမှတ်  နှစ်မှတ်သာ လိုအပ် တော့တာ ဖြစ်ပါတယ်။

အမှတ်ပေးဇယား ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ အက်စ်ပန်ညိုအသင်းနဲ့  ပွဲစဉ် မှာ အနိုင်မရရှိခဲ့ပါက ဘာစီလိုနာအသင်းအနေနဲ့ စပိန်လာလီဂါဖလား ချန်ပီယံအဖြစ် အတည်ပြုနိုင် တော့မှာလည်း ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ အက်စ်ပန်ညိုအသင်းကို အနိုင်ရရှိခဲ့ပါက ဘာစီလိုနာအသင်းဟာ မေ ၁၀ ရက်မှာ ယှဉ်ပြိုင်ကစားမယ့်   ရီးယဲလ်မက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရှိမှသာ  စပိန် လာလီဂါဖလားကို ဆွတ်ခူးနိုင်မှာလည်း ဖြစ်ပါတယ်။

ငွေကြယ် - ရေးသားသည်

No comments

Powered by Blogger.