ဂျပန်နိုင်ငံသို့ တရုတ်ပြည်မကြီးမှ ခရီးသွားများ လာရောက်လည်ပတ်မှု ဧပြီလတွင် ၅၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်း



မေ ၂၁

ဂျပန်နိုင်ငံသို့ တရုတ်ပြည်မကြီးမှ လာရောက်လည်ပတ်သူဦးရေသည် ဧပြီလတွင် ယခင်နှစ်ကထက် ၅၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ  ငါးလဆက်တိုက် ရှိပြီဖြစ်ကြောင်း အစိုးရ၏ အချက်အလက်များက ယမန်နေ့က ဖော်ပြထားသည်။

ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၆ ခုနှစ်၏ ပထမလေးလအတွင်း တရုတ်ပြည်မကြီးမှ ခရီးသွားများ လာရောက်လည်ပတ်မှုသည် ယခင်နှစ်အလားတူကာလကထက် ၅၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။

တရုတ်ပြည်မကြီးအပြင် ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ ခရီးသွားဦးရေသည်လည်း ဧပြီလတွင် သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများကြာမြင့်မှုကြောင့် လေယာဉ်ခရီးစဉ်များစွာလျှော့ချခဲ့ပြီး လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်လာကာ  အရှေ့အလယ်ပိုင်းမှ ခရီးသွားဦးရေသည် ယခင်နှစ်ကထက် ၂၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အရေးပါသောဥရောပနိုင်ငံများအနက် အီတလီ၊ စပိန်နှင့် ဂျာမနီနိုင်ငံတို့မှ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သူဦးရေသည် ယခင်နှစ်ထက် ၃၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၁၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးကျဆင်းသွားခဲ့သည်။

ဂျပန်ကုမ္ပဏီများစွာမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ဘဏ္ဍာရေးအစီရင်ခံစာများအရ တရုတ်ခရီးသွားဦးရေ ကျဆင်းလာခြင်းကြောင့် အခွန်ကင်းလွတ်ခွင့်ဖြင့် ရောင်းချမှုများသည် သိသိသာသာဖိအားပေးခံနေရကြောင်း ပြသလျက်ရှိသည်ဟု သိရသည်။

၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဖူကူအိုကာရှိ ကုန်တိုက်သုံးခု၏ ပေါင်းစပ်အခွန်ကင်းလွတ်ခွင့်ဖြင့် ရောင်းချမှုသည် ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ၎င်းတို့အနက် ဟာကာတာဒိုင်မာရုကုန်တိုက်သည် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ရောင်းချမှု ၃၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အရှုံးပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.