ပြည်ပနိုင်ငံများသို့ ရေငန်ထွက်ကုန် ၇၀ ရာခိုင်နှုန်းနှင့် ရေချိုထွက်ကုန် ၃၀ ရာခိုင်နှုန်း တင်ပို့လျက်ရှိ

 


ရန်ကုန် မေ ၆

 

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရေငန်ထွက်ကုန် ၇၀ ရာခိုင်နှုန်းနှင့် ရေချိုထွက်ကုန် ၃၀ ရာခိုင်နှုန်း တင်ပို့လျက်ရှိကြောင်း ၂၀၂၃-၂၀၂၄ ရေလုပ်ငန်းထုတ် ကုန်စာရင်းဇယားများအရ သိရသည်။

 

ထိုသို့တင်ပို့ရာ၌ ငါး/ပုစွန်များကို ဥရောပနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၂ နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၅၂၂၅၆၅ ဒသမ ၈၁၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၉ ဒသမ ၄၂၂ သန်း ရရှိခဲ့ကြောင်း သိရသည်။

 

ပင်လယ်ပြင်မှာ ငါးသယံဇာတရှားလာတဲ့အပြင် ဒီနှစ်မှာ ထုတ်လုပ်စရိတ် မကိုက်ရင် ပင်လယ်ပြင်ဖမ်းဆီးရေး မထွက်ဖို့များတာကြောင့် ရေငန်ထွက် ကုန်ကျသွားနိုင်တယ်။ ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ မွေးမြူရေးကဏ္ဍကို ဦးစားပေးလုပ်ဆောင်လာတာကို တွေ့ရမှာပါ။ ပြည်တွင်းမှာ ခေတ်မီမွေးမြူရေးဇုန်တွေ များများပေါ်လာရင် နိုင်ငံခြားဝင်ငွေပုံမှန် ရရှိလာမယ့်အပြင် ရေထွက်ကုန်ပြတ်လပ်မှုကိုလည်း ကျော်လွှားနိုင်မှာပါ။

 

ခေတ်မီရေလုပ်ငန်း မွေးမြူရေးဇုန်

တစ်ခု တည်ထောင်မယ်ဆိုရင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ရနိုင်ပါတယ်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ဧက ၃၀၀၀ ကျော်ရှိသော ရေနက်ကွင်းတွင် ငါးတန်ကို ခေတ်မီနည်းပညာဖြင့် မွေးမြူထုတ်လုပ်လျက်ရှိရာ ၇ နှစ်အတွင်း ရောက်ရှိပြီဖြစ်သည်။ ရေထွက်ကုန်တင်ပို့ရန် အမေရိကန်၊ တရုတ်နိုင်ငံတို့နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ စာချုပ်ချုပ်ဆိုထားပြီးဖြစ်ရာ ယခုနှစ်တွင် စတင်တင်ပို့ရန် ပြင်ဆင်နေကြောင်း သိရသည်။ ခေတ်မီမွေးမြူရေးစနစ်တွင် ကန်တစ်ကန်အတွင်း ကောင်ရေ ၂၀၀၀၊ ၅၀၀၀ မွေးမြူမှုမှ ကောင်ရေ ၁၂၀၀၀၀ ကို သိပ္ပံနည်းကျ ပြောင်းလဲမွေးမြူထုတ်လုပ်မှုဖြင့် တစ်ကန်လျှင် တန် ၁၂၀ ထွက်ရှိခြင်းသည် မွေးမြူရေးစနစ် တစ်ခေတ်ဆန်းသစ်ရန် အခွင့်အလမ်းများဖြစ်လာသည်။

 ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး

No comments

Powered by Blogger.