တောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်များ မေ ၂၀ ရက်အတွင်း ၆၄ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်



မေ ၂၁

တောင်ကိုရီးယားနိုင်ငံ၌ ပြည်တွင်းထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် မေလ ပထမ ၂၀ ရက်အတွင်း ပို့ကုန်များ ဂဏန်းနှစ်လုံး မြင့်တက်လာခဲ့ကြောင်း အကောက်ခွန်ရုံး၏ အချက်အလက်များက ယနေ့တွင် ဖော်ပြထားသည်။

ကိုရီးယား အကောက်ခွန်ဌာန၏ ပြောကြားချက်အရ မေလ ၁ ရက်မှ ၂၀ ရက်အတွင်း ပြည်ပတင်ပို့မှုသည်  ယခင်နှစ်ကထက် ၆၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆၅ ဘီလီယံ ရှိခဲ့သည်ဟု သိရသည်။

၂၀ ရက်တာကာလအတွင်း နေ့စဉ်ပျမ်းမျှ ပို့ကုန်  ၅၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ရှိခဲ့ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ပို့ကုန်မှာ ၂၀၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၉၅ ဘီလီယံ ရှိခဲ့သော်လည်း မော်တော်ကား တင်ပို့မှုမှာ ၁၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၇ ဘီလီယံ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများကြောင့် ရေနံစိမ်းဈေးတက်ကာ ရေနံထွက်ကုန် ပို့ကုန်မှာ ၄၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

မေလ ပထမ ၂၀ ရက်အတွင်း တင်သွင်းမှုများသည် ယခင်နှစ်ကထက် ၂၉ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ဒေါ်လာ ၄၁ ဒသမ ၆၂ ဘီလီယံ ရှိကာ ကုန်သွယ်မှုပိုငွေသည် ဒေါ်လာ ၁၁ ဒသမ ၀၃ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းကိရိယာများအတွက် တင်သွင်းမှုများသည် ဂဏန်းသုံးလုံး မြင့်တက်လာခဲ့ပြီး ရေနံစိမ်း၊ ချစ်ပ်များ၊ စက်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့၊ ကားများ၊ ကျောက်မီးသွေးနှင့် မိုဘိုင်းစက်ပစ္စည်းများအတွက် တင်သွင်းမှုများသည် ဖော်ပြထားသော ကာလအတွင်း ဂဏန်းနှစ်လုံး တိုးလာခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.