တာချီလိတ်မြို့ ပန်စလိကျေးရွာနှင့် မြဝတီမြို့ မယ်ထော်သလေးကျေးရွာတို့၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရားမဝင်တရုတ်နိုင်ငံသားများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော် မေ ၂၂
မြန်မာနိုင်ငံအစိုးရအနေဖြင့်
တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ
တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့်
အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး
အတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း
ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိ သည်။
ထိုကဲ့သို့
လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်
လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း မရှိစေရန်နှင့်
အွန်လိုင်းလိမ်လည်လောင်းကစား မှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့်
ရှာဖွေဖော်ထုတ်စစ်ဆေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၇၈၀၀ ခန့်အကွာ
လွယ်စတုံကျေးရွာအုပ်စု ပန်စလိကျေးရွာရှိ နေအိမ် အား သတင်းအရ ဝင်ရောက်ရှာဖွေရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ
တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၃ ဦးအား အွန်လိုင်းလိမ်လည် လောင်းကစားမှု
ကျူးလွန်ရာတွင် အသုံးပြုသည့် All In One ကွန်ပျူတာ ၃၂ လုံး၊ စားပွဲအလုံး ၂၀၊ ထိုင်ခုံ ၃၅ လုံးတို့နှင့်အတူ ဖမ်းဆီး
ရမိခဲ့သည်။
အလားတူ
ယနေ့နံနက်ပိုင်းတွင်လည်း ကရင်ပြည်နယ် မြဝတီမြို့ မယ်ထော်သလေးကျေးရွာ၏
အနောက်မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာသို့အရောက်၌ နှစ်ထပ်တိုက်အဆောက်အအုံ
တစ်လုံးအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်
နိုင်ငံသား အမျိုးသား ၂၇ ဦးအား အွန်လိုင်းလိမ်လည် လောင်းကစား မှု ကျူးလွန်ရာတွင်
အသုံးပြုသည့် All In One ကွန်ပျူတာ လေးလုံး၊ Monitor ၁၄ လုံး၊ CPU အလုံး ၂၀ နှင့်
ဖုန်းမျိုးစုံ ၄၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်
လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင် ပြည်ပနိုင်ငံသားများအား
လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ
ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့်
အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့်
မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက်
အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍
အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်
No comments