ငြိမ်းချမ်းရေးအသံ မှန်မှန်ကန်ကန် ရှုမြင်ရန်



မောင်ကမ္ဘာ

ဒီမိုကရေစီရင့်ကျက်မှုရှိတဲ့ နိုင်ငံကြီးတွေမှာ ရွေးကောက်ခံအစိုးရသစ်ရဲ့ ရက် ၁၀၀ ခရီးအစကို ပျားရည်ဆမ်းကာလ (Honey Moon Period)လို့ ဆိုကြတယ်။


အစိုးရသစ်ရဲ့ ပျားရည်ဆမ်းကာလမှာ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလောကသားတွေကလည်း ဒီမိုကရေစီယဉ်ကျေးမှုအရ ဝေဖန်သမှုမပြုကြဘဲ နှုတ်စောင့်စည်းလေ့ရှိကြတယ်။ ပြည်သူလူထုနဲ့ မီဒီယာတွေကလည်း အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စောင့်ကြည့်လေ့လာ အကဲဖြတ်လေ့ရှိကြတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာကောင်း တစ်ရပ်လို့ပဲ ဆိုရမယ်။


မိမိတို့နိုင်ငံမှာလည်း ဒီမိုကရေစီစနစ်ရဲ့သဘောသဘာဝနဲ့အညီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၎င်းဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမယ့် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဧပြီ ၂၀ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံအစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ လုပ်ငန်းအစီအစဉ် တွေထဲမှာ ငြိမ်းချမ်းရေးကိစ္စက ထိပ်တန်းဦးစားပေးကိစ္စတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။


နိုင်ငံတော်သမ္မတကြီးက နိုင်ငံရေးစကားလုံးအသုံးအနှုန်းတွေမပါဘဲ ရင်ထဲကခံစားချက်အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ “ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးကို လိုချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


တစ်ဆက်တည်းမှာပဲ နိုင်ငံတော်သမ္မတက NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော NCA လက်မှတ် ရေးထိုးထားခြင်းမပြုတဲ့အဖွဲ့တွေပါ ရက် ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ PDF တွေကိုလည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။


နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ လေးနက်စွာ ဖိတ်ခေါ်ကြောင်း ကြေညာချက်ကို ဧပြီ ၂၁ ရက် ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကြေညာချက်ထဲမှာ “လေးနက်စွာ ဖိတ်ခေါ်အပ်ပါသည်” ဆိုတဲ့ ဝိသေသလက္ခဏာတစ်ရပ် ထူးထူးခြားခြား ပါဝင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက Stakeholder တွေအနေနဲ့လည်း လက်ရှိ ရွေးကောက်ခံ နိုင်ငံတော်အစိုးရသစ်ရဲ့ လေးနက်စွာငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုကို အလေးအနက် ထားပြီး မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။


လေးလေးနက်နက်၊ မှန်မှန်ကန်ကန်ရှုမြင် သုံးသပ်ဖို့ဆိုရာမှာ ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင် လမ်းစဉ်ကို မွေ့လျော်နေကြတဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်အချို့ဟာ နိုင်ငံရေးအရဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ဖို့ ရွေးကောက်ခံ အစိုးရသစ်ရဲ့ စိတ်ရင်းစေတနာမှန်နဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် အကောင်းမမြင်နိုင်သေးဘဲ မူလတရား သေဝါဒရပ်တည်ချက်ကိုသာဆုပ်ကိုင်ပြီး မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေ တောင်းဆိုလျက်ရှိတာ တွေ့မြင်၊ ကြားသိနေရလို့ ဖြစ်ပါတယ်။


တစ်ဖက်မှာလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို မလိုလားသူ ပြည်တွင်းပြည်ပ အဖျက် အုပ်စုတွေဟာ ဒီမိုကရေစီအစိုးရသစ်ရဲ့စိတ်ရင်းစေတနာမှန်နဲ့ ငြိမ်းချမ်းရေးအတွက်အလေးအနက်ထား ဖိတ်ခေါ်ကမ်းလှမ်းမှုကို ပျက်ပြားအောင် မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုလျက်ရှိပါတယ်။


ဝမ်းနည်းစရာကောင်းတာက လက်ရှိလက်နက်ကိုင်ပဋိပက္ခတွေ သက်ရောက်ရာ ဒေသအချို့က ဒေသခံ တိုင်းရင်းသားပြည်သူတွေရဲ့ အခက်အခဲတွေ၊ ခံစားချက်တွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေ၊ လိုလားချက်တွေ၊မျှော်လင့် ချက်တွေ ဘာဆိုဘာသံမှ ကျွန်တော်တို့ မကြားရခြင်းဘဲ ဖြစ်ပါတယ်။


တကယ်တော့ ထာဝရငြိမ်းချမ်းရေးကထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတွေ၊ ငြိမ်းချမ်းရေးအသီးအပွင့် တွေဟာ အစိုးရ၊ တပ်မတော်တစ်ရပ်၊ အဖွဲ့အစည်းတစ်ရပ်အတွက် မဟုတ်ဘဲ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် ဖြစ်တယ်ဆိုတာကို အလေးအနက် ဆင်ခြင်ကြဖို့လိုပါတယ်။

နိုင်ငံရေးဆိုတာ ဖြစ်နိုင်တန်ခြေရှိတာကို ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေးရရှိဖို့ အတွက်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ၊ ငြိမ်းချမ်းရေးစကားဝိုင်းမှာတွေ့ကြ၊ ဆုံကြ၊ပြောကြ၊ ဆိုကြ၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြနဲ့ မတူတာတွေ ခဏဖယ်ပြီး တူတာတွေ ပေါင်းလုပ်ကြရမှာ ဖြစ်ပါတယ်။


ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ (၂၀၁၀-၂၀၁၅)မှာလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရက်ပေါင်း ၁၄၅၀ ခန့်၊ အစည်းအဝေးအကြိမ်ပေါင်း ၅၀၀၀ ခန့် ပြုလုပ်ခဲ့ပြီးတွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြရင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ် ပါတယ်။


ဒါကြောင့်မို့ နိုင်ငံတော်အစိုးရသစ်ရဲ့ လာမယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ငြိမ်းချမ်းရေးခရီးမှာ အနှောင့်အယှက်အတားအဆီးတွေဖြစ်တဲ့ ဒေသစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏအစွဲအလမ်းတွေ၊ အထင်မှား အမြင်မှား သံသယပွားမှုတွေ၊ နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်လိုမှုဆိုတဲ့ မရိုးဖြောင့်မှုတွေကိုဖယ်ရှားပြီး နိုင်ငံတော်နဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေ အကျိုးစီးပွားကို ရှေးရှုကာသတိသမ္ဗဇဉ် ဉာဏ်နဲ့ယှဉ်ပြီး ဆွေးနွေးညှိနှိုင်းကြဖို့ တိုက်တွန်းလိုပါတယ်။


လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် အတူယှဉ်တွဲပေါ်ပေါက်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နှစ်ပေါင်း ၈၀ နီးပါးရှိခဲ့ပါပြီ။ လက်နက်ကိုင်ပဋိပက္ခသက်ရောက်ရာ ဒေသအချို့က ဒေသခံတိုင်းရင်းသား ပြည်သူတွေဟာ လွတ်လပ်ရေးရဲ့အရသာကို တင်းပြည့်ကျပ်ပြည့် မခံစားကြရသေးဘူးလို့ဆိုရင် မမှားပါဘူး။


နိုင်ငံတော်သမ္မတကြီးကလည်း “တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရတယ်။ ရှေ့ကတည်ဆောက်ရေးလုပ်ငန်းလုပ်သွား၊ နောက်က အဖျက်လုပ်ငန်းတွေပါလာလို့ ရှိရင် သမင်မွေးရင်း ကျားစားရင်းဆိုသလို ဖြစ်နေမှာပေါ့”လို့ ဧပြီ ၂၀ ရက်ကကျင်းပခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


သမိုင်းနဲ့ချီပြီး ကျွန်တော်တို့ ခပ်ဝေးဝေးကြည့်စရာမလိုပါဘူး။ ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ နောက်ပိုင်းမှာ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ ပျက်စီးဆုံးရှုံးမှုတွေကို လေ့လာကြည့်ရင်ပဲ သိမြင်နိုင်ပါတယ်။

အမေရိကန်စာရေးဆရာကြီး ရစ်ချတ်ဘတ်ဝဲလ်က သူ့ရဲ့စာအုပ်ထဲမှာ လွတ်လပ်ရေးခေတ်ဦးကာလ ၁၉၄၈၊ ၁၉၄၉၊ ၁၉၅၀ ခုနှစ်တွေအတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာပြည်မှာ စိုက်ပျိုးနိုင်တဲ့ မြေဧရိယာ ၃၅ ရာခိုင်နှုန်းကောခဲ့ရတယ်။ လူဦးရေသုံးသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြ ရတယ်။ အပြစ်မဲ့ပြည်သူ နှစ်သောင်းနှစ်ထောင်နဲ့ အစိုးရဘက်က စစ်ဘက်နယ်ဘက် အမှုထမ်းပေါင်း ငါးထောင့်ခုနစ်ရာ အသက်ဆုံးရှုံးခဲ့ကြရတယ်။ ပြည်သူပိုင်ပစ္စည်းတန်ဖိုး ဒေါ်လာငါးသန်းနဲ့ ပြည်သူများရဲ့ ကိုယ်ပိုင်အိုးအိမ်ပစ္စည်း တန်ဖိုးဒေါ်လာ ၉၅ သန်း ဆုံးရှုံးခဲ့ရတယ်လို့ တွက်ချက်ဖော်ပြခဲ့ဖူးပါတယ်။


ကုန်လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ဒေသအချို့မှာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေကို တွက်ချက်ကြည့်မယ်ဆိုရင်တော့ အနမတဂ္ဂ မရေမတွက်နိုင်အောင်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရသစ်ရဲ့ လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် မလိုလားသူတွေ၊ ဖျက်လို ဖျက်ဆီးလုပ်နေကြသူတွေအနေနဲ့ရော သတိပြု ဆင်ခြင်မိကြပါရဲ့လား။


မြန်မာပြည်ဟာ ငြိမ်းချမ်းချိန်တိုင်ပါပြီ။ ပြည်သူအပေါင်းကလည်း ငြိမ်းချမ်းလိုနေကြပြီ။ မြန်မာ့ဓလေ့ အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းပျော်ရွှင်လိုကြတာကို ပြီးခဲ့တဲ့မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ နိုင်ငံတစ်ဝန်းက ပြည်သူများအေးချမ်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြတာကိုကြည့်တာနဲ့ သိမြင်နိုင်ပါတယ်။


နိုင်ငံတော်နဲ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ခံယုံကြည်လာတဲ့ KIA၊ AA ၊ PLA အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါအဝင် PDF အမည်ခံ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၄၇၀ နဲ့ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၅၁၇ ဦးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်းကို ထပ်မံ ဝင်ရောက်လာခဲ့ကြပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူတွေကို ဧပြီ ၂၄ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စစ်ရေးပြကွင်းမှာ အခမ်းအနားနဲ့တကွ မိဘအုပ်ထိန်းသူတွေဆီ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့တာကို မြင်တွေ့ရတော့အတော့်ကို ရင်ခုန်စိတ်လှုပ်ရှားမိတယ်။ လမ်းမှန်ကို ရွေးချယ်နိုင်ခဲ့တဲ့ သူတို့တွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုမိတယ်။ လမ်းမှားမှာ ဆက်ပျော်မွေ့နေသူတွေကိုလည်း နောင်တကြီးကြီးမရခင် အချိန်မီလမ်းမှန်မှာ လျှောက်လှမ်း လာနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။


ဧပြီ ၂၆ ရက်မှာလည်း PNLO အဖွဲ့မှ အဖွဲ့ဝင်အမျိုးသား ၆၁ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာကြပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူ တွေကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမမှာ အခမ်းအနားနဲ့တကွ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ပါတယ်။


လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ်အတူ ယှဉ်တွဲပေါ်ပေါက်လာပြီး ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးလို့ဆို ရမယ့် လက်နက်ကိုင်ပဋိပက္ခ အပြီးတိုင်ချုပ်ငြိမ်းစေဖို့က လက်ရှိမျိုးဆက်တွေရဲ့ သမိုင်းပေးတာဝန် တစ်ရပ်လို့ပဲ ဆိုရမှာဖြစ်ကြောင်းပါ။      ။

No comments

Powered by Blogger.