ဟန်တာဗိုင်းရပ်စ်ဖြစ်ပွားသည့် အပျော်စီးသင်္ဘောမှအမေရိကန်ခရီးသည်တစ်ဦးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိ



မေ ၁၁

ဟန်တာဗိုင်းရပ်စ်ကူးစက်ခံရသည့် ဒတ်ချ်အပျော်စီးသင်္ဘောမှ အမေရိကန်ခရီးသည်တစ်ဦးတွင် ထိုဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး နောက်တစ်ဦးတွင်ရောဂါလက္ခဏာအနည်းငယ်သာရှိကြောင်း အမေရိကန် ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းတို့နှစ်ဦးကို လေယာဉ်ပေါ်တွင် ရောဂါကာကွယ်စောင့်ရှောက်မှုယူနစ် (biocontainment units)  ဖြင့် ခရီးသွားလာစေကာ MV Hondius အပျော်စီးသင်္ဘောမှ အမေရိကန်နိုင်ငံသား ၁၇ ဦးစလုံးကို လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသို့ လေကြောင်းဖြင့် ပို့ဆောင်လျက်ရှိကြောင်း ထိုဌာနက လူမှုပလက်ဖောင်းအိတ်ချ်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါခရီးသည်များကို နီဘရာစကာပြည်နယ်၊ အိုမာဟာရှိ နီဘရာစကာတက္ကသိုလ် ဆေးဘက်ဆိုင်ရာစင်တာ/နီဘရာစကာဆေးပညာဌာနရှိ ဒေသတွင်း အရေးပေါ်အထူးရောဂါကုသရေးဌာန (RESPTC) သို့ လေယာဉ်ဖြင့် ဦးစွာပို့ဆောင်ပေးမည်ဖြစ်ပြီး ရောဂါလက္ခဏာအနည်းငယ်ရှိသော ခရီးသည်ကို ၎င်းတို့၏ နောက်ဆုံးခရီးဆုံးရှိ ဒုတိယ RESPTC သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ဆေးရုံအသီးသီးသို့ ရောက်ရှိသည်နှင့် လူတစ်ဦးချင်းစီသည် ၎င်းတို့၏ အခြေအနေအပေါ် အခြေခံ၍ သင့်လျော်သော စောင့်ရှောက်မှုနှင့် ပံ့ပိုးမှုများကို ရရှိမည်ဖြစ်ကြောင်း ထိုဌာနက ပို့စ်တွင် ဖော်ပြထားသည်။

မေ ၈ ရက်အထိ ရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်နေသော သံသယဖြစ်ဖွယ် လူနာရှစ်ဦးနှင့် သေဆုံးသူသုံးဦးရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.