သီရိလင်္ကာနိုင်ငံ၌ မုတ်သုံရာသီကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများ မြင့်တက်



မေ ၁၃

သီရိလင်္ကာနိုင်ငံတွင် ခရိုင် ၂၅ ခုစလုံးမှကူးစက်မှုများနှင့် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၇၇၅၄ ဦးနှင့် သေဆုံးသူ ၁၄ ဦးရှိကြောင်း ကျန်းမာရေးအရာရှိများက ယမန်နေ့က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်ကသွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှင့်နှိုင်းယှဉ်ပါက အတည်ပြုလူနာအရေအတွက် မြင့်တက်လာသည်ဟု အမျိုးသားသွေးလွန်တုပ်ကွေးထိန်းချုပ်ရေးဌာနက ပြောကြားခဲ့သည်။ အနောက်ပိုင်းပြည်နယ်မှ ကူးစက်မှုအရေအတွက်အများဆုံးဖြစ်ကာ မာတာရာ၊ ဂါလီ၊ ရတ်နပူရာ၊ ကာလူတာရာနှင့် ကန်ဒီတို့တွင်လည်း ၂၀၂၆ ခုနှစ်၏ ပထမလေးလအတွင်း သိသာထင်ရှားသော ကူးစက်မှုအရေအတွက်များ စံချိန်တင်ခဲ့သည်။

အမျိုးသားသွေးလွန်တုပ်ကွေးထိန်းချုပ်ရေးဌာနမှ လူထုဆေးဘက်ဆိုင်ရာအထူးကု ပရစ်စီလာ ဆာမာရာဝီရာက ကျန်းမာရေးဝန်ကြီးဌာနတွင် ကျင်းပသော မီဒီယာရှင်းလင်းပွဲတစ်ခုတွင် မုတ်သုံမိုးစတင်ရွာသွန်းခြင်းသည် ရောဂါကူးစက်မှုကို ပိုမိုမြင့်တက်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

နေအိမ်များတွင်ထက် စာသင်ကျောင်းများ၊ လုပ်ငန်းခွင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ပေါက်ပွားမှုပိုမိုများပြားလာသည်ဟု  တာဝန်ရှိသူများကဆိုသည်။ မသင့်လျော်သော အမှိုက်စွန့်ပစ်ခြင်းသည် သွေးလွန်တုပ်ကွေးပျံ့နှံ့မှုအတွက် အဓိကအချက်တစ်ခုဖြစ်ပြီး ကာကွယ်တားဆီးရေးတွင် အများပြည်သူပူးပေါင်းဆောင်ရွက်မှု ကြပ်မတ်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ဖျားနာခြင်းနှင့်အတူ ကြွက်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အရေပြားအဖုအပိမ့်များစသည့်လက္ခဏာနှစ်ခုထက်မနည်းခံစားရပါက ချက်ချင်းဆေးကုသမှုခံယူရန်လည်း ပြည်သူလူထုအား အကြံပြုထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.