တူကီယဲလေယာဉ် ခတ္တမန္ဒူလေဆိပ်သို့ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွား
မေ ၁၁
နီပေါနိုင်ငံ ထရီဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့မနက်ပိုင်းတွင် တူကီယဲလေယာဉ် ဆင်းသက်စဉ် လေယာဉ်၏ ဆင်းသက်ဂီယာတာယာများ မီးလောင်မှုဖြစ်ပွားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မီးသတ်သမားများက မီးငြှိမ်းသတ်နေစဉ် အရေးပေါ်တံခါးမှတစ်ဆင့် ခရီးသည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။
လေဆိပ်လုံခြုံရေးရုံး ပြောရေးဆိုခွင့်ရှိသူ ရာ့ဂျ် ကူးမား ဆီလ်ဝါလ်က ခရီးသည် ၂၇၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၁ ဦးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လေယာဉ်ပြေးလမ်းပေါ်တွင် ဖြစ်ပွားခဲ့သောကြောင့် လေဆိပ်တွင် လေယာဉ်ဆင်းသက်ခြင်းနှင့် ပျံသန်းထွက်ခွာခြင်းများကို အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ကြောင်း နီပေါနိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့၏သတင်းထုတ်ပြန်ရေးအရာရှိ ဂျန်နန်ဒရာ ဘူလ်က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments