၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုစတင်ဆောင်ရွက်
နေပြည်တော် မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ
အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး
ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ယနေ့မှ မေ ၃၁ ရက်အထိ စနေ၊ တနင်္ဂနွေ အပါအဝင် ပိတ်ရက်မရှိသတ်မှတ်၍
မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို
ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့်
ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ
အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက်
ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို
ကျောင်းသား ကျောင်းသူများအား တစ်ပါတည်းပေးအပ်ကြသည်။
ယင်းသို့ ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်နေသည့်
ဆရာ ဆရာမများနှင့် ကျောင်းများ၏ လုံခြုံရေး၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား
ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့်
တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အခြေခံပညာကျောင်းများတွင်
ကျောင်းအပ်နှံနေမှုများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝန်ကြီးချုပ်များ၊
တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာ
ကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက်
သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံလေးချောင်းနှင့်
ကျောင်းဝတ်စုံ တစ်စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်းပုံနှိပ်
စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံနှစ်ချောင်းနှင့် ဘောပင်နှစ်ချောင်းတို့ကို
နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ် သွားမည့်အပြင် အခြေခံ ပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်သောကြောင့်
ကျောင်းဝင်ကြေးနှင့် အခြားမည်သည့်ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်ကြောင်း
သိရသည်။
သတင်းစဉ်

No comments