မလေးရှားနိုင်ငံ၌ အသက် ၁၆ နှစ်အောက်အရွယ်များ လူမှုမီဒီယာအသုံးပြုမှု ကန့်သတ်ချက်များ ပြဋ္ဌာန်းမည်



မေ ၂၇

မလေးရှားနိုင်ငံတွင် လူငယ်များအား လူမှုမီဒီယာ အသုံးပြုမှုကို ကန့်သတ်ထားသော နိုင်ငံများစာရင်းတွင် ပါဝင်လာရန် ပြင်ဆင်လျက်ရှိရာ ထိုပြင်ဆင်မှုသည် ကလေးများအား အွန်လိုင်းတွင် အန္တရာယ်ရှိသော အကြောင်းအရာများမှ ကာကွယ်ရန် တွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သိရသည်။

အဆိုပါပြောင်းလဲမှုသည် ဇွန်လ ၁ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သော်လည်း ထိခိုက်ခံရသော လူမှုမီဒီယာပလက်ဖောင်းများ၏ အော်ပရေတာများသည် လိုက်နာရန် အချိန်ကာလတစ်ခု ရှိလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စနစ်အသစ်သည် အသက် ၁၆ နှစ်အောက် မည်သူမဆို လူမှုမီဒီယာအကောင့်များ ပြုလုပ်ခြင်း ကန့်သတ်သွားမည်ဖြစ်သည်။

အော်ပရေတာများသည် နိုင်ငံကူးလက်မှတ်များ သို့မဟုတ် အခြားတရားဝင်စာရွက်စာတမ်းများကို စစ်ဆေးခြင်းအပါအဝင် ထိရောက်သော အသက်အတည်ပြုခြင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စည်းမျဉ်းသစ်တွင် လိုင်စင်ရ အော်ပရေတာများသည် အန္တရာယ်ရှိသော အကြောင်းအရာများကို ရှာဖွေဖယ်ရှားရန် စနစ်များနှင့် အသုံးပြုသူများ ထိုကဲ့သို့သော အကြောင်းအရာများကို အစီရင်ခံနိုင်စေမည့် ယန္တရားများ ရှိရန်လည်း လိုအပ်မည်ဖြစ်သည်။

မလေးရှားအစိုးရသည် ပြီးခဲ့သည့်နှစ်က လူမှုမီဒီယာပလက်ဖောင်းများနှင့် မက်ဆေ့ချ်ဝန်ဆောင်မှုများ၏ အော်ပရေတာများအား လိုင်စင်များ ရယူရန် ညွှန်ကြားထားပြီနောက် ယခုပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကလေးသုံးယောက်မိခင်တစ်ဦးက အသက် ၁၆ နှစ်အောက် လူငယ်များသည် လူမှုမီဒီယာတွင် အကြောင်းအရာများကို ကြည့်ရှုသည့်အခါ ကောင်းသည် သို့မဟုတ် ဆိုးသည်ကို ခွဲခြားသိမြင်ရန် ရင့်ကျက်မှု မရှိသေးကြောင်းနှင့် ယင်းကန့်သတ်ချက်ကိုလုံးဝသဘောတူကြောင်း  ပြောကြားခဲ့သည်။

သြစတြေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် လူမှုမီဒီယာအတွက် လူငယ်များအသုံးပြုမှု ကန့်သတ်ချက်များ ချမှတ်ပြီးဖြစ်ကြောင်းနှင့် ဥရောပနိုင်ငံတချို့ကလည်း အလားတူ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.