ယူဂန်ဒါနိုင်ငံ၌ အီဘိုလာရောဂါ ကူးစက်ခံရသူ နှစ်ဦး ထပ်မံတွေ့ရှိ
မေ ၂၆
ယူဂန်ဒါနိုင်ငံ မြို့တော် ကမ်ပါလာတွင် အီဘိုလာရောဂါ ကူးစက်ခံရသူ နှစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ အတည်ပြုလူနာ စုစုပေါင်း ခုနစ်ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။
အဆိုပါကူးစက်ခံရသူနှစ်ဦးမှာ ကမ်ပါလာရှိ ပုဂ္ဂလိက ကျန်းမာရေးဌာနတစ်ခုတွင် လုပ်ကိုင်နေသော ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
လူနာနှစ်ဦးစလုံးကို သတ်မှတ်ထားသော ကုသရေးဌာနသို့ ပို့ဆောင်ထားပြီး ယခုအခါ စောင့်ရှောက်မှုခံယူလျက်ရှိကြောင်းနှင့် အတည်ပြုလူနာများနှင့် ဆက်စပ်နေသူအားလုံးကို တုံ့ပြန်ရေးအဖွဲ့မှ နောက်ဆက်တွဲ ကုသမှုခံယူရန် စာရင်းသွင်းထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့်ကိုက်ညီသော ရောဂါလက္ခဏာများပြသနေသူ မည်သူမဆို အနီးဆုံး ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ရန် ဝန်ကြီးဌာနက ပြည်သူများအား တိုက်တွန်းထားသည်။ စောစီးစွာရှာဖွေတွေ့ရှိခြင်းနှင့် ကုသမှုသည် အသက်ရှင်နိုင်ခြေ များစွာရှိပြီး ရောဂါဆက်လက်ပြန့်ပွားမှုကို ကာကွယ်ရန် ကူညီပေးကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments