မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံ

 


မကွေး မေ ၆

 

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲနှင့် ဒေသထုတ်ကုန်ပြပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး MSME Agency နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးပြီး လူမှုစီးပွားဘဝ မြင့်မားလာစေရေးတို့အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများ၊ အသင်းအဖွဲ့ဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

 

တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ခင်းကျင်းပြသထားသော ဒေသထွက်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)

No comments

Powered by Blogger.