ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ NETRA (NTPC Energy Technology Research Alliance) သို့ သွားရောက်လေ့လာ


နေပြည်တော် မေ ၃၁

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် Greater Noida မြို့ရှိ NETRA (NTPC Energy Technology Research Alliance) သို့ သွားရောက်လေ့လာကြသည်။


ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် NETRA (NTPC Energy Technology Research Alliance) သို့ ရောက်ရှိကြရာ ကုမ္ပဏီအကြီးအကဲ Mr. Gurdeep Singh နှင့် တာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာဖြင့်ကြိုဆို နှုတ်ဆက်ကြသည်။


ရှင်းလင်းတင်ပြ

ယင်းနောက် ကုမ္ပဏီကွန်ဖရန့်ခန်းမ၌ နိုင်ငံတော်သမ္မတနှင့် ကုမ္ပဏီအကြီးအကဲတို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ထို့နောက် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက NETRA (NTPC Energy Techno-logy Research Alliance) ၏ လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ NETRA (NTPC Energy Technology Research Alliance) ၏ လုပ်ငန်းဆောင်ရွက် မှုမှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြပြီး ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ကာဗွန်ထုတ်လုပ်မှု သုည အဆင့် အထိလျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စွမ်းအင်ကူးပြောင်းမှုဆိုင်ရာစီမံချက်နှင့်ကိုက်ညီသော NETRA ၏ လုပ်ဆောင်မှု များ၊ NTPC သည် ၎င်း၏ CCUS နည်းပညာကို ပိုမိုကြီးမားသော အတိုင်းအတာဖြင့် တိုးမြှင့်အကောင် အထည်ဖော်ရန် NTPC Pudimadaka တွင် စတင် ဆောင်ရွက်နေမှု၊ ဂရင်းဟိုက်ဒရိုဂျင် ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ကြာရှည်ခံစွမ်းအင် သိုလှောင်မှုစနစ်၊ ရေ/ရေအရင်းအမြစ် နည်းပညာများ၊ နေရောင်ခြည်စွမ်းအင်သုံးစနစ်၊ အဆင့်မြင့်သိပ္ပံနည်းကျ စွမ်းအင်ထုတ်လုပ်မှုများ၊ NETRA (NTPC Energy Technology Research Alliance) ၏ ITEC စွမ်းရည်တိုးတက်ရေး အစီအစဉ်များမှ မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် နိုင်ငံတော်သမ္မတသည် အဆင့်မြင့် သိပ္ပံနည်းကျစွမ်းအင်အမျိုးမျိုး ထုတ်လုပ်မှုလုပ်ငန်းစဉ် များနှင့်ပတ်သက်သည့် CO2 Based Closed Brayton Cycle Energy Storage System ၊ Plasma Gasification based Green Hydrogen Generation from MSW-RDF/ Agri-waste ၊ 10 TPD Flue Gas-CO2 To Methanol Plant(FG-CTM) ပုံစံငယ်များအား ကြည့်ရှုလေ့လာရာ ကုမ္ပဏီအကြီးအကဲနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည် များ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားသည်။


ထို့နောက် နိုင်ငံတော်သမ္မတက ကုမ္ပဏီသို့ ရောက်ရှိလေ့လာမှုအထိမ်းအမှတ်အဖြစ် အထိမ်းအမှတ် သစ်ပင်အား စိုက်ပျိုးပေးပြီး နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် NETRA (NTPC Energy Technology Research Alliance) ကုမ္ပဏီအကြီးအကဲ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


ဆက်လက်ပြီး NTPC ရှိ NET zero စွမ်းအင်ထုတ်လုပ်မှုအဆင့်ဆင့် လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံ ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက နေရောင်ခြည်စွမ်းအင်၊ ဘက်ထရီသိုလှောင်မှုစနစ်၊ ဟိုက်ဒရိုဂျင် အခြေခံစွမ်းအင်ထုတ်လုပ်မှုစနစ်၊ မြူနီစီပယ်အမှိုက်စွန့်အမှိုက်များမှ ဓာတ်အား ထုတ်ယူမှု များကို အဆင့်အလိုက်ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို စိတ်ပါဝင် စားစွာဖြင့် ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားသည်။


အဆိုပါ NETRA (NTPC Energy Technology Research Alliance)သည် အိန္ဒိယနိုင်ငံတွင် အကြီးဆုံး စွမ်းအင်ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သော NPC Limited ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို အဓိကလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ NETRA ကုမ္ပဏီသည် စွမ်းအင် ကဏ္ဍအတွက်နောက်ဆုံးပေါ်၊ ရေရှည်တည်တံ့ပြီး စီးပွားရေးအရ တွက်ခြေကိုက်သော နည်းပညာများ တီထွင်ဖန်တီးရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့၏ အဓိကဦးစားပေးလုပ်ငန်း နယ်ပယ်များမှာ ထိရောက်မှုမြှင့်တင်ရေးနှင့် ကုန်ကျ စရိတ်လျှော့ချရေး၊ စွမ်းအင်သစ်များနှင့် ပြန်လည် ပြည့်ဖြိုးမြဲဖြစ်သော စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှု နှင့် ရေထိန်းသိမ်းရေး၊ ပြာအသုံးချမှု၊ ကာဗွန်ဖမ်းယူမှု နှင့် အသုံးပြုမှုနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုတို့ အပါအဝင် ပတ်ဝန်းကျင်ကာကွယ်ရေးတို့ပါဝင် ကြောင်း၊ NETRA သည် သုတေသနအပြင် ဓာတ်အား ပေးစက်ရုံများနှင့် အခြားပြည်သူ့ဝန်ဆောင်မှု များကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.