ဂျပန်သုတေသီများက အာတိတ်ပင်လယ်၏အထူကိုခန့်မှန်းရန် နည်းလမ်းသစ်တီထွင်



တိုကျို   မေ   ၃၁

ဂျပန်သုတေသီများက ဂြိုဟ်တုမှရရှိသည့် အချက်အလက်ကို အသုံးပြု၍ အာတိတ်ပင်လယ်၏ အထူကိုခန့်မှန်းရန် နည်းလမ်းသစ်ကို တီထွင်ခဲ့ကြောင်း သိရသည်။

အာတိတ်သမုဒ္ဒရာအတွင်းရှိ ရေခဲထုပမာဏသည် ကမ္ဘာကြီးပူနွေးမှုကြောင့် ဆက်လက်အရည်ပျော် လျက်ရှိသည်။ ပင်လယ်ရေခဲထု၏ ပမာဏကို ပိုမိုတိကျစွာ ဆက်လက်ထိန်းသိမ်းထားရန်မှာ ၎င်း၏ အတိုင်းအတာသာမက  ၎င်း၏အထူကိုလည်းသိရှိရန်  အရေးကြီးကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

သို့သော် ပင်လယ်ရေခဲအထူကို တိုင်းတာရန် နည်းလမ်းများမှာ ကန့်သတ်ချက်များ ရှိခဲ့သည်။  ဂျပန်သုတေသီအဖွဲ့တစ်ဖွဲ့က အာတိတ်ပင်လယ်ရေခဲများ မည်သည့်အချိန်၊ မည်သည့်နေရာနှင့် မည်သို့ ရွေ့လျားနေပုံကိုလေ့လာရန် ဂြိုဟ်တုလေ့လာရေးဒေတာမှတစ်ဆင့် ပြန်လည်ခြေရာခံခဲ့ သည်။ ရေခဲထူထပ်မှုကို ခန့်မှန်းရန် အပူချိန်နှင့် စိုထိုင်းဆအပါအဝင် ၎င်းတို့၏  နောက်ဆက်တွဲ အချက်အလက်နှင့် ရာသီဥတုအခြေအနေများကို ပေါင်းစပ်လေ့လာခဲ့သည်။

၎င်းတို့၏ ခန့်မှန်းချက်များသည် တိုက်ရိုက်လေ့လာတွေ့ရှိချက်များနှင့် လိုက်လျောညီထွေရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ နည်းလမ်းသစ်သည် အာတိတ်ပင်လယ်ရေခဲထုထည်ကို တိကျစွာခန့်မှန်းရာတွင် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။

အာတိတ်တွင် ဖြစ်ပျက်နေမှုများကို သိရှိနားလည်ရန် ပင်လယ်ရေခဲများ၏ အတိုင်းအတာနှင့် အထူ ကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ကိုချီတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ နုရီကီက ပြောကြားခဲ့သည်။  ပင်လယ်ရေခဲများ အရည်ပျော်မှု၏ အစောပိုင်းလက္ခဏာများကို သိရှိရန် ယခု နည်းလမ်းသစ်ကို အသုံးပြုပြီး ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ လေ့လာမှုများ၏တိကျမှုကို   မြှင့်တင် နိုင်ရန်  မျှော်လင့်ပါကြောင်း တွဲဖက်ပါမောက္ခ နုရီကီက ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.