နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး သုံးနိုင်ငံပူးတွဲ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်
နေပြည်တော် ဇွန် ၂၆
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဇွန် ၂၅ ရက်က ကျင်းပသည့် (၁၄)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ဦးဆောင်ကော်မတီ အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးနှင့်အဖွဲ့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုန်နက်ဆိုင် ဆီဖန်ဒုန်းက အဖွင့်မိန့်ခွန်း ပြောကြားသည်။
အစည်းအဝေးတွင် လာအိုနိုင်ငံ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဆိုင်နာခုန်အင်သာဘောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးက တွဲဖက်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်း၍လည်း နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး သုံးနိုင်ငံ ပူးတွဲလုပ်ငန်းစီမံချက်-မြူကင်းစင်သော ကောင်းကင် မဟာဗျူဟာ (CLEAR Sky Strategy) (၂၀၂၄ - ၂၀၃၀)ကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
(၁၄) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ဦးဆောင်ကော်မတီအစည်းအဝေးသို့ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Speciali-zed Meteorological Centre-ASMC) မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments