ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါကူးစက်ခံရသူ ၆၃၅ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၃၀ ဦးအထိ ရှိလာ
ဇွန် ၁၁
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါကူးစက်ခံရသူအရေအတွက်သည် ဇွန်လ ၉ ရက်နေ့အထိ ၆၃၅ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ရော်ဂျာ ကမ်ဘာက ယမန်နေ့ကပြောကြားခဲ့သည်။
လူမှုမီဒီယာပလက်ဖောင်းတွင်တင်ထားသော ပို့စ်တစ်ခုတွင် ကမ်ဘာက အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသောကပ်ရောဂါသည် စိန်ခေါ်မှုများဆက်လက်ဖြစ်ပေါ်စေသော်လည်း လူနာများ ပိုမိုသက်သာလာပြီး ရောဂါဖြစ်ပွားသူနှင့်ထိတွေ့မှုရှိသူများကိုခြေရာခံရာတွင် တိုးတက် ကောင်းမွန်လာသဖြင့် တုံ့ပြန်မှုအရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။
ကမ်ဘာသည် အရှေ့ပိုင်းပြည်နယ် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် အီဘိုလာကူးစက်ခံရသူ ၆၃၅ ဦးအထိ မြင့်တက်လာပြီး ပြန်လည်ကောင်းမွန်လာသူ ၃၀ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။
အီတူရီ၊ မြောက်ကီဗူးနှင့် တောင်ကီဗူးပြည်နယ်များ၌ ဆေးဝါးတန်ချိန် ၄၉၀ ကို ဖြန့်ဝေထားပြီး ဓာတ်ခွဲခန်းများကိုအင်အားဖြည့်တင်းစေကာ တုံ့ပြန်ရေးအဖွဲ့များကိုလည်း နာရီပိုင်းမပြတ် လှုပ်ရှား ဆောင်ရွက်စေသည်ဟု ထိုဝန်ကြီးက ထပ်လောင်းပြောကြားသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက မေလ ၁၅ ရက်နေ့တွင် နောက်ဆုံးအီဘိုလာဖြစ်ပွားမှုကို ကြေညာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလ ၁၇ ရက်နေ့တွင် ယင်းဖြစ်ပွားမှုကို နိုင်ငံတကာအတွက် စိုးရိမ်ဖွယ် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments