စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတင်တိုင်ကြား




ကမ္ဘာတစ်ဝန်းလုံးတွင် လမ်းပေါ်မတော်တဆမှု (Road Accident) များကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး လူသန်းပေါင်း ၅ဝ ကျော် ထိခိုက်ဒဏ်ရာရရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးရမှုများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက အများဆုံးဖြစ်ရာ အာဖရိကနှင့် အရှေ့တောင်အာရှဒေသတို့က ထိပ်ဆုံးတွင်ရှိသည်။


ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) သည် ကမ္ဘာလုံးဆိုင်ရာ ကြီးမားလှသည့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကြီးထွားလာနေခြင်းကို ဟန့်တားထိန်းချုပ်နိုင်ရန် ကမ္ဘာတစ်ဝန်း၌ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ဒုတိယဆယ်စုနှစ်အတွင်း ရောက်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် (၁) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု၊ (၂) ပိုမိုအန္တရာယ်ကင်းသောလမ်းများနှင့် ယာဉ်သွားလာမှု၊ (၃) ပိုမိုအန္တရာယ်ကင်းသောယာဉ်များ၊ (၄) ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများနှင့် (၅) ယာဉ်တိုက်မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှုဟူသော မဏ္ဍိုင်ကြီး (၅)ရပ်ကို အခြေပြုကာ Decade of Action for Road Safety ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council -NRSC) သည် National Road Safety Action Plan (2021 - 2030) နှင့်အညီ မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်လျက်ရှိသည်။


ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သည့်ယာဉ်များအား အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်) ရှိ Online Complain Centre (OCC) Viber ဖုန်းနံပါတ် (၀၉- ၇၇၇၄၃၆၂၃၂) သို့ နေ့ရက်၊ အချိန်၊ နေရာ၊ နံပါတ်၊ ပြစ်မှုထင်ရှားသည့် မှတ်တမ်းဓာတ်ပုံ/ ဗီဒီယိုများနှင့်အတူ ပေးပို့တိုင်တန်းပါက အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီးသည် မှတ်ပုံတင်မော်တော်ယာဉ်စီးရေ ၅ သိန်းကျော်ရှိပြီး တစ်နိုင်ငံလုံးရှိ ယာဉ်စီးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့် စုဝေးနေသည့် ဒေသကြီးဖြစ်သည်။ ထို့ပြင် YBS ယာဉ်လိုင်းပေါင်း ၁၄၅ လိုင်းခန့်တွင် ယာဉ်စီးရေ ၃၅၀၀ ခန့်ကလည်း နေ့စဉ်ပြေးဆွဲလျက်ရှိရာ လူဦးရေထူထပ်ခြင်းနှင့် မော်တော်ယာဉ်များပြားခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု၊ ယာဉ်တိုက်မှုလည်း များပြားသည်။


တရားဝင်ထုတ်ပြန်ချက်များအရ ယမန်နှစ် (၂၀၂၅ ခုနှစ်) အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု စုစုပေါင်း ၈၀၁ မှု ဖြစ်ပွားခဲ့ပြီး ယင်းမတော်တဆမှုများကြောင့် လူ ၃၈၇ ဦး သေဆုံး ကာ ၈၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ထိုနှစ်က နိုင်ငံတစ်ဝန်းလုံးတွင် ယာဉ်မတော်တဆမှု ၃၃၄၈ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၇၃၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၄၆၇၆ ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးသည် ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုအများဆုံးဒေသအဖြစ် မှတ်တမ်းဝင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယာဉ်မတော်တဆမှုနှင့် သေဆုံးမှု၊ ဒဏ်ရာရမှုတို့ သိသိသာသာလျော့နည်း ခဲ့သည်ဟု သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် ယာဉ်တိုက်မှုအခြေပြဇယား၊ ဇန်နဝါရီလမှ ဧပြီလအထိ ကာလတူနှိုင်းယှဉ်ချက်တွင် ၂၀၂၅ ခုနှစ်က ယာဉ်တိုက်မှု ၂၆၄ မှု၊ ဒဏ်ရာရသူ ၂၈၀၊ သေဆုံးသူ ၁၂၅ ဦး ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ယာဉ်တိုက်မှု ၂၅၅ မှု၊ ဒဏ်ရာရသူ ၃၆၃ ဦး၊ သေဆုံးသူ ၁၂၅ ဦး ရှိသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ယခုနှစ်တွင် ယာဉ်တိုက်မှုကိုးမှု လျော့နည်းသွားသော်လည်း ဒဏ်ရာရသူ ၈၃ ဦးပိုလာပြီး သေဆုံးသူဦးရေမှာ အတူတူဖြစ်နေသည်။


ယာဉ်တိုက်မှုဖြစ်စဉ်များကို ဆန်းစစ်လေ့လာပါက ၉၄ ရာခိုင်နှုန်းခန့်မှာ လူ့အားနည်းချက်၊ လူ့ပယောဂကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်မှုများ၊ မဆင်မခြင်မောင်းနှင်မှုများက လူ့အသက်နှင့် ထိခိုက်ဒဏ်ရာရမှု အန္တရာယ်များကို ဖြစ်ပေါ်စေသည့်တိုင်အောင် မကြာခဏဆိုသလိုပင် မိမိတို့မျက်စိရှေ့မှောက်တွင် ထိုသို့အန္တရာယ်ဖြစ်ပေါ်စေသည့် အပြုအမူများ ကျူးလွန်ကြသည်တို့ကို တွေ့မြင်ကြရသည်။ စည်းကမ်းလိုက်နာ၊ ဘေးကင်းကွာဟူသည့် ဆောင်ပုဒ်နှင့်အညီ လမ်းအသုံးပြုသူတိုင်းက စည်းကမ်းကိုယ်စီ လိုက်နာကြခြင်းအားဖြင့် အသက်ခန္ဓာ ကိုယ်လက်အင်္ဂါတို့ ဆုံးရှုံးနိုင်သည့်အန္တရာယ်နှင့် ကင်းဝေးကြမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူအားလုံး စည်းကမ်းကိုယ်စီ လိုက်နာကြရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်ကြသူများကို အရေးယူနိုင်ရန် ဝိုင်းဝန်းကူညီပေးနိုင်ကြရေးအတွက် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

No comments

Powered by Blogger.