တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပ
နေပြည်တော် ဇွန် ၂၃
တတိယအကြိမ်
ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀
နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌
ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ
တက်ရောက်ကြသည်။
အစည်းအဝေးတွင်
လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး၊ ချောင်းကူးနှင့်မြစ်ကူးတံတားများ
တည်ဆောက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်းရှစ်ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ
ကော့မှူးမဲဆန္ဒနယ်မှ ဦးအောင်မျိုးသန်း၏ ကော့မှူးမြို့နယ် တလုတ္တော်၊ ကရင်စု၊
အုတ်ကျင်း ကျေးရွာချင်းဆက်လမ်းသည် ပေ ၄၆၂ဝ ရှည်လျားပြီး ၎င်းလမ်းအား ၂၂ ပေ
မြေသားတာပေါင် တိုးချဲ့ရန်နှင့် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ
မေးခွန်း နှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးသိုက်စိုးက အဆိုပါလမ်းအရှည် ၇ ဖာလုံအား ကွန်ကရစ်လမ်းခင်းပေးမည်ဆိုပါက
ခန့်မှန်းငွေကျပ် ၁၂၃၄ ဒသမ ၅၆၄ သန်း ကုန်ကျမည်ဖြစ်ပြီး ကျေးရွာသုံးရွာ၊ အိမ်ခြေ
၃၆၆ အိမ်၊ လူဦးရေ ၂၇၁၄ ဦးကို အကျိုးပြုမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍
ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ အပေါ်အခြေခံပြီး သက်ဆိုင်ရာတိုင်းဒေသကြီး
အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ ပူးပေါင်း၍
ကျေးရွာ၊ အိမ်ခြေ၊ ဦးရေ၊ ကျေးလက်နေပြည်သူလူထု၏
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေး
ရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်တွင်
ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီး ရရှိရန်ပုံငွေအပေါ်မူတည်၍
လမ်းလွှာအဆင့်ဆင့်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
သာစည်မဲဆန္ဒနယ်မှ
ဒေါ်ကြူကြူမော်၏ သာစည်မြို့မြောက်ဘက် ၈ မိုင်ခန့်ရှိ ဝမ်းသာ-ဟံဇား-သာဂရ
ကျေးရွာချင်းဆက် ကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးနိုင်ပါရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက
သာစည်မြို့နယ် ဝမ်းသာ-ဟံဇား-သာဂရလမ်းသည် သမဝါယမနှင့်
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် Class (A)အဆင့်လမ်းဖြစ်ပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်းဖြစ်
ပါကြောင်း၊ လက်ရှိအခြေအနေတွင် ကတ္တရာလမ်း ၂ မိုင် ၂ ဒသမ ၅၇ ဖာလုံ၊ ကျောက်ချောလမ်း
၆ မိုင် သုည ဒသမ ၉၇ ဖာလုံ၊ အမာခံလမ်း ၁ မိုင် သုည ဒသမ ၄၆ ဖာလုံ စုစုပေါင်းလမ်းအရှည် ၉
မိုင် ၄ ဖာလုံရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး
ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝမ်းသာရွာနှင့် ဟံဇားရွာ ကြားရှိ လေးဖာလုံအား
ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ကျေးလက်လမ်းဖွံ့ဖြိုးရေး
မဟာဗျူဟာအပေါ်အခြေခံပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှု
အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှု တို့ကို ဦးစားပေးရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈
ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသော အမာခံလမ်းပိုင်း ၄ ဒသမ ၄၆ ဖာလုံအား ကျောက်ချောလမ်းအဖြစ်
အဆင့်မြှင့်တင်နိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး
ရရှိရန်ပုံငွေအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မတ္တရာမဲဆန္ဒနယ်မှ
ဦးလှမြင့်၏ မတ္တရာမြို့နယ် ရွှေချောင်းကျေးရွာအုပ်စု နေပူရွာမှရွှေတချောင်း
မြောင်းပေါင်လမ်းသည် မြေသားလမ်းဖြစ်ပြီး မိုးရာသီကာလအတွင်း သွားလာမှုအတွက် အခက်အခဲ
များစွာ ဖြစ်ရပါသဖြင့် ပြုပြင်ပေးမည့်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဦးသိုက်စိုးက မတ္တရာမြို့နယ် နေပူကျေးရွာနှင့် ရွှေတချောင်း
မြောင်းပေါင်လမ်း လမ်းအရှည် ၁ မိုင် ၂ ဖာလုံအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း
ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ် ၁၃၆၁ ဒသမ ၀၄ သန်း ကုန်ကျမည် ဖြစ်ပြီး ကျေးရွာ
ခြောက်ရွာ၊ အိမ်ခြေ ၁၂၅၃ အိမ်၊ လူဦးရေ ၅၇၆၀ ကို အကျိုးပြုမည် ဖြစ်ပါကြောင်း။
အဆိုပါလမ်းသည်
လက်ရှိတွင် ကျောက်ချောလမ်း အဆင့်ဖြစ်ပြီး လမ်းပြတ်တောက်မှုမရှိဘဲ ရာသီမရွေး
သွားလာနိုင်သောလမ်း ဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရရှိရန်ပုံငွေအပေါ်
မူတည်၍ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပြင်ဆင်ခြင်းလုပ်ငန်းကို ဦးစားပေး လျာထား
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်မှ
ဦးမြင့်ထွန်း၏ ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက်ကမ်းနှင့် အနောက် ဘက်ကမ်းကို
ဆက်သွယ်သွားလာနိုင်မည့် ကူးတို့လှေငယ်များဖြင့် သွားလာနေကြရသောနေရာတွင်
ဇမိမြစ်ကူးတံတား (ကြာအင်းဆိပ်ကြီး)ကို ၂ဝ၂၆ ခုနှစ်မှ ၂ဝ၃ဝ
ပြည့်နှစ်မတိုင်မီကာလအတွင်း သင့်လျော်မည့် ဘဏ္ဍာရေးနှစ်တွင်
ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဇမိမြစ်ကူးတံတား (ကြာအင်းဆိပ်ကြီး) တည်ဆောက်မည်ဆိုပါက Google map တွင် တိုင်းတာချက်အရ မြစ်ကမ်းပါး နှစ်ဖက်အကွာအဝေးမှာ ပေ ၆၀၀
ခန့်ရှိပြီး ချဉ်းကပ် တံတားအပါအဝင် စုစုပေါင်းတံတားအရှည်မှာ ပေ ၂၅၀၀ ခန့်ရှိမည် ဖြစ်ပါကြောင်း၊
သင်္ဘောကြီးများ ဖြတ်သန်းသွားလာသည့်မြစ်ဖြစ်၍ ရေလမ်း ကင်းလွတ်အကျယ် ပေ ၂၄၀ နှင့်
ရေလမ်းကင်းလွတ် အမြင့်မှာ အမြင့်ဆုံးရေ level မှ ပေ ၃၀ ခန့် အနည်းဆုံး ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ကြာအင်းဆိပ်ကြီးမြို့
အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း ဆက်သွယ်သွားလာနိုင်မည့် ဇမိမြစ်ကူး တံတား
(ကြာအင်းဆိပ်ကြီး) ကို လတ်တလောနယ်မြေ အခြေအနေအရ တံတား မတည်ဆောက်မီ လိုအပ်သောပဏာမ ကြိုတင်ဖြစ်မြောက်နိုင်စွမ်း
လေ့လာဆန်းစစ်မှုလုပ်ငန်းများ ဖြစ်သည့် တံတားအူကြောင်းရွေးချယ်ခြင်း၊
မြေစမ်းသပ်ခြင်းနှင့် တံတားပုံစံထုတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်းနှင့်
နယ်မြေအေးချမ်း တည်ငြိမ်လာသည့်အချိန်မှသာလျှင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း
ပြန်လည်ဖြေကြားသည်။
တန့်ယန်းမဲဆန္ဒနယ်မှ
ဦးစိုင်းဆန်စိန်၏ ဟိုယ - တန့်ယန်းလမ်း မိုင်းရယ်မြို့နယ်အပိုင်း လွယ်ပန်တောင်ကြော အတက်အဆင်းမှ
လမ်းကွေ့ငါးခုအား ကွန်ကရစ်လမ်းဖြင့် အစားထိုးပေးရန်၊ တန့်ယန်းမြို့နယ်
ကတ္တရာလမ်းအား ၁၂ ပေမှ ၁၈ ပေ တိုးချဲ့ခြင်းကို ၄ မိုင်ခန့် ဆက်လက်လုပ်ဆောင် ပေးရန်နှင့်
မြို့အဝင်မုခ်ဦးအနီးအောင်တော်မူစေတီမှ မြို့အတွင်း မိုင်းကောင်လမ်းအပိုင်းရှိ
“ပတ္တမြား” စက်သုံးဆီဆိုင်အထိနှင့် နောင်ဖောလမ်းအပိုင်းရှိ “ပြည့်ဝ”
စက်သုံးဆီဆိုင်အနီးအထိ ၂၄ ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊
မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဟိုယ-တန့်ယန်းလမ်းနှင့်
စပ်လျဉ်းပြီး ၂၀၂၆ - ၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် ရန်ပုံငွေဖြင့်
ကတ္တရာမျက်နှာပြင်လွှာညှိခြင်း ၇ ဒသမ ၅ ဖာလုံ၊ ကတ္တရာလမ်းများပြုပြင်ခြင်း ၅ ဒသမ
၇၅ ဖာလုံနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
လွယ်ပန် တောင်ကြောအပိုင်း မတ်စောက်သော လမ်းကွေ့နေရာ ငါးကွေ့အား ၂၄ ပေအကျယ်
ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ၂ဝ၂၇-၂ဝ၂၈
ဘဏ္ဍာရေးနှစ်မှစတင်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ
ရန်ပုံငွေလျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်
ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ဟိုယ-တန့်ယန်းလမ်း၏
တန့်ယန်းမြို့နယ် အပိုင်း ကတ္တရာလမ်းချဲ့ရန် ၇ မိုင် ၅ ဖာလုံကို ၂ဝ၂၇ - ၂၀၂၈
ဘဏ္ဍာရေးနှစ်မှစတင်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ
ရန်ပုံငွေလျာထား တင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်
ဖြစ်ပါကြောင်း။
ဟိုယ-တန့်ယန်းလမ်း
မိုင် ၃၀(တန့်ယန်းမြို့အဝင် အောင်တော်မူစေတီ)မှ ၃၂ မိုင် ၂ ဒသမ ၅ ဖာလုံအထိ ၂ မိုင်
၂ ဒသမ ၅ ဖာလုံသည် ၁၈ ပေအကျယ် ကတ္တရာလမ်းဖြစ်ပြီး ၃၂ မိုင် ၂ ဒသမ ၅ ဖာလုံမှ ၃၃
မိုင် (ထွန်းခမ်းဟော်တယ်ရှေ့)အထိ ၅ ဒသမ ၅ ဖာလုံ ကို ၂၄ ပေအကျယ် ကတ္တရာလမ်းခင်းပြီး
ဖြစ်ပါကြောင်း။
တန့်ယန်း-
မိုင်းကောင်- တာမဆွန်လမ်း၏ တန့်ယန်းမြို့တွင်း လမ်းအပိုင်းဖြစ်သည့် (၀)မိုင်
(ထွန်းခမ်းဟော်တယ်ရှေ့)မှ (ပတ္တမြားဆီဆိုင်) ရှေ့အထိ ၇ ဖာလုံမှာ ၁၈ ပေ အကျယ်
လမ်းပိုင်းပေါ် တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရ
အဖွဲ့ရန်ပုံငွေဖြင့် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၊ ခြောက်ဖာလုံနှင့် ခုနစ်ဖာလုံကြား
ကတ္တရာမျက်နှာပြင် လွှာညှိခြင်းလုပ်ငန်း၊ ၂ ဖာလုံနှင့် ၃ ဖာလုံအတွင်း
ရေလည်ဘုရားရှေ့နေရာ ပေ ၅၅၀ အား ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
တန့်ယန်းမြို့တွင်း
လမ်းပိုင်းများအား ၂၄ ပေ အကျယ် တစ်စပ်တစ်ဆက်တည်းဖြစ်စေရန် ၂၄ ပေ အကျယ်
ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့
ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ရန်ပုံငွေလျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍
အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
တန့်ယန်း-နောင်ဖာလမ်း၏
မြို့တွင်းလမ်းပိုင်း ၁ မိုင် ၄ ဖာလုံမှ ၁ မိုင် ၇ ဖာလုံအထိ သုံးဖာလုံကို
ပထမအဆင့်အနေဖြင့် ၁၂ ပေအကျယ်မှ ၁၈ ပေ အကျယ်သို့ ကတ္တရာလမ်းချဲ့ခြင်း
လုပ်ငန်းဆောင်ရွက် ရန်နှင့် (၀)မိုင်မှ ၁ မိုင် ၇ ဖာလုံအထိ ၁ မိုင် ၇ ဖာလုံအား ၂၄
ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့
ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ လျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်
ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျောက်တန်းမဲဆန္ဒနယ်မှ
ဦးနိုင်ဝင်း၏ ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်နှင့် သနပ္ပင်ချင်း ကျေးရွာအုပ်စုတို့အား
ဆက်သွယ်မည့် မှော်ဝန်းချောင်းကူးတံတားအား အမြန်ဆုံး တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊
မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကျောက်တန်းမြို့နယ်
သီတာမြိုင်ရပ်ကွက်နှင့် သနပ္ပင်ချင်းကျေးရွာ တို့အား ဆက်သွယ် သွားလာနိုင်မည့်
မှော်ဝန်းချောင်း တံတားတည်ဆောက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ မန္တလေး ငလျင်ကြီးကြောင့်
ပျက်စီးသွားသည့် တံတားများပြုပြင်ခြင်းနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့်
ထိခိုက်ပျက်စီးခဲ့ရသည့်တံတားများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လတ်တလော အနေဖြင့် မှော်ဝန်းချောင်းတံတားအား
မဆောင်ရွက်သင့်သေးပါကြောင်း၊ တိုးတက်လာသည့် ခရီးသွား၊ ယာဉ်စီးရေတို့အပေါ်မူတည်ပြီးမှသာ
စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကိုလည်း ရန်ပုံငွေတင်ပြ တောင်းခံပြီး
ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
မိုးညိုမဲဆန္ဒနယ်မှ
ဒေါ်ဇာခြည်လွင်၏ ရှမ်းတော - မင်းလှ-အင်းဘုတ်ကုန်း- မိုးညိုလမ်း (မိုးညိုမြို့နယ်
အပိုင်)အား ၂ဝ၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်းရန်အတွက်
ကျန်ရှိသော ၅ မိုင် ၁ ဖာလုံအား ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ နှင့်
မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်း၏
မိုးညိုမြို့နယ် အပိုင်းသည် ၁၈ ပေအကျယ်ဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်
ပဲခူးတိုင်းဒေသကြီး အစိုးရခွင့်ပြု ရန်ပုံငွေဖြင့် သတ်မှတ်အပိုင်းလိုက် ကွန်ကရစ်
လမ်းခင်းခြင်း၊ ကတ္တရာလမ်းချိုင့်ခွက်များ၊ လမ်းအနိမ့်အမြင့်ဖြစ်ပေါ်နေသည့်
နေရာများအား ကျောက်ဖြည့်ခင်း၍ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန်
လိုအပ်သည့်အပိုင်းအား ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ရန်ပုံငွေ လျာထားတင်ပြ
တောင်းခံ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း
ပြန်လည်ဖြေကြားသည်။
ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးမျိုးမြင့်သိန်း၏
ဝမ်းတွင်းမြို့နယ် ရွာဝေအုပ်စုရှိ ကျေးရွာလေးရွာနှင့်
မြစ်သားမြို့နယ်ကျေးရွာများတို့မှ ပြည်သူများ သွားလာနေသည့် ကင်းတားလက်ဝဲမြောင်းမကြီး
သည် DY-
16 မှ ရွာဝေသွား သင်ပုန်းဆိုင်ဖွန်အထိ
ယာဉ်နှစ်စီးရှောင်၍မရဘဲ သွားလာနေကြရပါသဖြင့် အကျယ်ပေ ၃ဝ
ကွန်ကရစ်လမ်းဖောက်လုပ်ပေးရန်နှင့် ဝမ်းတွင်း-ပင်းတလဲလမ်း ၁၄/ဝ မိုင်မှာ
နှစ်စဉ်ပျက်စီးမှုဖြစ်ပေါ်နေသဖြင့် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်
ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကင်းတားလက်ဝဲမြောင်းမကြီးအား
ပေ ၃ဝ အကျယ် ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်နိုင်ရန်အတွက်
လမ်းနယ်နိမိတ်အဖြစ်ရရှိနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံတောင်သူများနှင့်
ဦးစွာ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ညှိနှိုင်းမှုများဆောင်ရွက်ပြီးပါက
ကုန်ကျစရိတ်တွက်ချက်ပြီး ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေ (သို့မဟုတ်) သင့်လျော်ရာရန်ပုံငွေတွင်
လျာထားတင်ပြကာ ရန်ပုံငွေရရှိမှုအခြေအနေပေါ်မှုတည်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊
ဝမ်းတွင်း-ပင်းတလဲလမ်း၏ ပြုပြင်ထိန်းသိမ်း ရန်လိုအပ်သည့် ကတ္တရာလမ်းပိုင်း
ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ကျောက်လမ်း ၈ မိုင် ၅ ဒသမ ၇ ဖာလုံကို ကတ္တရာလမ်းအဖြစ်
အဆင့်မြှင့်တင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်ပြီး မန္တလေးတိုင်း ဒေသကြီး
လမ်းဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြပြီး
ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
တတိယအကြိမ်
ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး
အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဇွန် ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments