လျှပ်စစ်ဓာတ်အား မသမာသုံးစွဲမှုများ စစ်ဆေးဖော်ထုတ်ရာတွင် ပူးပေါင်းပါဝင်
မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့်
ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုပမာဏတို့မှာ ကြီးကြီးမားမားကွာဟမှု ရှိနေဆဲဖြစ်သည်။ ပြည်တွင်းရှိ
ဓာတ်အားထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးတို့မှ လျှပ်စစ်ဓာတ်အားကို နှစ်အလိုက်
တိုးတက်ထုတ်လုပ်ပေးပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်းရာနှုန်းပြည့် လျှပ်စစ်မီးပေးနိုင်ရန်
ရည်မှန်းချက်ရှိသည့်တိုင် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများစသည့်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးသည့် စနစ်ကြီး၏ အစိတ်အပိုင်းများစွာတို့မှာ အကြမ်းဖက်ဖျက်ဆီးမှု
အမျိုးမျိုးတို့ကြောင့် ပျက်စီးခဲ့ရခြင်းနှင့် ပြည်တွင်းဒေသအများအပြားတည်ငြိမ်အေးချမ်းမှု
မရှိသေးခြင်းတို့ကြောင့် ရည်မှန်းထားသည့် ကာလအတွင်း ပြီးမြောက်အောင်မြင်နိုင်ရန် ခဲယဉ်းမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တစ်ရက်လျှင်
ပျမ်းမျှလျှပ်စစ်ဓာတ်အား လိုအပ်ချက် မဂ္ဂါဝပ် ၃၄၀၀ မှ ၄၄၀၀ ဝန်းကျင်၌ ရှိသည်ဟုဆိုသည်။
ထို့အပြင် နေ့စဉ်လျှပ်စစ်ဓာတ်အား သုံးစွဲလိုမှုမှာလည်း နှစ်စဉ် ၉ ရာခိုင်နှုန်းမှ ၁၅
ရာခိုင်နှုန်းခန့်အထိ တိုးတက်လာနေသည်ဟု သိရသည်။ နွေရာသီ ပူပြင်းခြောက်သွေ့သည့် အချိန်များတွင်
ဓာတ်အားလိုအပ်ချက်မှာ ပို၍များသည်။ လက်ရှိကာလ တွင် လျှပ်စစ်ဓာတ်အားကို လိုအပ်ချက်၏
၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည့် အခြေအနေတွင်ရှိနေသည်။ ဓာတ်အားလိုအပ်ချက်နှင့်
ထုတ်လုပ်နိုင်မှုမမျှတသည့် အခြေအနေ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဂ္ဂါဝပ် ၁၁၀၀
မှ ၂၀၀၀ ခန့်အတွက် အလှည့်ကျစနစ်ဖြင့် ဓာတ်အားကို ဖြန့်ဖြူးပေးနေရသည်။
ရန်ကုန်တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲမှု၏
၅၀ ရာခိုင်နှုန်း (ထက်ဝက်နီးပါး) ခန့်ကို သုံးစွဲပြီး စက်မှုဇုန် ပေါင်း ၃၀ ခန့် တည်ရှိနေသည့်အလျောက်
ဓာတ်အားလိုအပ်ချက် အကြီးမားဆုံးဒေသဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးကမူ တစ်နိုင်ငံလုံးသုံးစွဲမှု၏
၁၇ ရာခိုင်နှုန်း ကိုသုံးစွဲပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဓာတ်အား ၃၁ ရာခိုင်နှုန်းခန့်ကို
သုံးစွဲနေကြသည်။
လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ရာဒေသမှ
အသုံးပြုမည့် ဒေသအသီးသီးသို့ ဓာတ်အားလိုင်း များမှတစ်ဆင့် ဖြန့်ဖြူးရာတွင် အကြောင်းအမျိုးမျိုးကြောင့်
ပျောက်ဆုံးသွားသည်။ ဓာတ်အား ပျောက်ဆုံးမှုကို အဓိကအားဖြင့် နည်းပညာပိုင်းဆိုင်ရာပျောက်ဆုံးမှု
(Technical Losses) နှင့် နည်းပညာမဟုတ်သော ပျောက်ဆုံးမှု (Non-Technical losses)ဟူ၍
နှစ်ပိုင်းခွဲခြားနိုင်သည်ဟု ဆိုသည်။ နည်းပညာပိုင်းဆိုင်ရာ ပျောက်ဆုံးမှုဟူသည် ဓာတ်အားလိုင်းကြိုးများ
ကြံ့ခိုင်မှု အားနည်းခြင်း၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများ အပူလွန်ကဲခြင်း၊
ဓာတ်အားလိုင်း တာဝေးလွန်းခြင်းနှင့် ဗို့အားကျဆင်းမှု စသည်တို့ကြောင့် လျှပ်စစ်ဓာတ်အား
လေလွင့်ဆုံးရှုံးခြင်း ဖြစ်ပေါ်သည်။
နည်းပညာမဟုတ်သော ပျောက်ဆုံးမှုဆိုသည်မှာ
မီတာကိုမသမာသော နည်းလမ်းဖြင့် ဖောက်ထွင်းပြင်ဆင်ခြင်း (Meter Tampering)၊ တရားမဝင်
လျှပ်စစ်သွယ်တန်းခိုးယူသုံးစွဲခြင်းနှင့် မီတာဖတ်ရှုရာတွင် မှားယွင်းမှုများကြောင့်
လေလွင့်ဆုံးရှုံးခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ဓာတ်အားအလေအလွင့်ဖြစ်ပေါ်ခြင်းများကို
လျှော့ချနိုင်ရန်အတွက် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာအဟောင်းများကို အသစ်များနှင့်
လဲလှယ်ခြင်း၊ ဓာတ်အားဖြန့်ဖြူးမှုစနစ်များကို အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ်မီတာများကို
မသမာသောနည်းလမ်းများဖြင့် သုံးစွဲမှုများကို စစ်ဆေးဖော်ထုတ်အရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း
လျှပ်စစ်မီတာကို မသမာမှုပြုလုပ်ပြီး ဓာတ်အားခိုးယူသုံးစွဲမှုများကို စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ရာ
ရန်ကုန်တိုင်းဒေသကြီး မြောင်းတကာစက်မှုဇုန်ရှိ စက်ရုံတစ်ရုံက ခိုးယူသုံးစွဲမှုကြောင့်
ဓာတ်အားယူနစ်ပေါင်း ၅၀၆၈၈၀၀ ဆုံးရှုံးခဲ့ရပြီး ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေး စုစုပေါင်း
ကျပ် ၄ ဒသမ ၅ ဘီလီယံကျော်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့တို့တွင်
မသမာနည်းလမ်းဖြင့် ဓာတ်အားခိုးယူသုံးစွဲသူ ၁၃ ဦး ဖော်ထုတ်နိုင်ခဲ့ပြီး ဓာတ်အားယူနစ်ပေါင်း
၁၂၀၅၂၆၆ ဆုံးရှုံးမှုနှင့် ငွေကျပ် ၇၈၅ သန်းကျော် ဆုံးရှုံးနစ်နာမှုများ ပေါ်ထွက်ခဲ့ပြီး
လိုအပ်သလိုအရေးယူမှုများ ပြုလုပ်ခဲ့ရသည်။ ၎င်းတို့က မသမာသောနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အားကို
ခိုးယူသုံးစွဲမှုများကြောင့် နေ့စဉ်ပြည်သူများစွာသည်လည်း ဓာတ်အားသုံးစွဲခွင့်များ ဆုံးရှုံးခဲ့ရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည်
ဓာတ်အားလေလွင့်ပျောက်ဆုံးမှုများ သိသာစွာလျော့နည်း လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး
ပြည်သူများက တိကျစွာသတင်းပေး တိုင်ကြားလာမှုများအပေါ် ထိရောက်စွာ စစ်ဆေးအရေးယူလျက်ရှိသည့်အလျောက်
မသမာသော နည်းလမ်းများဖြင့် ဓာတ်အားခိုးယူသုံးစွဲမှုများကို ဖော်ထုတ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments