မွန်ဂိုးလီးယားနိုင်ငံ၌ ဝက်သက်ရောဂါဖြစ်ပွားသူ ၁၅၄၇၅ ဦးရှိလာ
ဇွန် ၂၄
မွန်ဂိုးလီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဝက်သက်ရောဂါထပ်မံကူးစက်မှု ၁၅ ဦး အတည်ပြုပြီးနောက် နိုင်ငံတစ်ဝန်းတွင် ယင်းရောဂါဖြစ်ပွားသူ ၁၅၄၇၅ ဦးအထိ မြင့်တက်လာကြောင်း အမျိုးသားကူးစက်ရောဂါဗဟိုဌာန အင်န်စီစီဒီ (NCCD)က ပြောကြားခဲ့သည်။
မကြာသေးမီကဝက်သက်အတည်ပြုလူနာများအနက် ၁၂ ဦးကို နိုင်ငံလူဦးရေ ၃ ဒသမ ၅ သန်းအနက် ထက်ဝက်ကျော်နေထိုင်သော မြို့တော်အူလန်ဘာတာတွင်တွေ့ရှိခဲ့ကြောင်း အင်န်စီစီဒီက ပြောကြားခဲ့သည်။
လက်ရှိရောဂါဖြစ်ပွားမှုကိုကြေညာခဲ့ပြီးနောက် ၄၈၂ ရက်အကြာတွင် နိုင်ငံတစ်ဝန်းတွင် ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၂၂ ဦး ရှိလာသည်ဟု ဗဟိုဌာန၏ပြောကြားချက်အရ သိရသည်။
ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အစက်အပြောက်များနှင့် ကူးစက်ခံရသူများနှင့် တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးစက်တတ်သည့် အလွန်ကူးစက်လွယ်သော ဗိုင်းရပ်စ်ရောဂါ တစ်ခုဖြစ်ပြီးကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း၊ အဖြစ်များသော ရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်လုံးများ ရောင်ရမ်းခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။
ဝက်သက်ရောဂါအတွက် သီးခြားဗိုင်းရပ်စ်ပိုးသတ်ဆေး မရှိသေးသော်လည်း လူနာအများစုသည် သီတင်းနှစ်ပတ်မှ သုံးပတ်အတွင်း ပြန်လည်ကောင်းမွန်လာကြသည်ဟု သိရသည်။
မိမိကိုယ်ကိုကာကွယ်ရန်နှင့် ရောဂါဆက်လက်ကူးစက်ပျံ့နှံ့မှုကို လျှော့ချနိုင်ရန်အတွက် ဝက်သက်ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံကြရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments