နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီးအားကြည့်ရှု




နေပြည်တော် ဇွန် ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ပြည်သူများတစ်ခဲနက် ဆန္ဒမဲပေးရွေးချယ်ခဲ့သည့် ဒီမိုကရေစီအစိုးရ ဖွဲ့စည်းတာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်မှုဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနေချိန်တွင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁၅၀၀ ကရက်) နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်) တို့အား နိုင်ငံတော်ထံသို့ လာရောက်အပ်နှံခဲ့သည်။


ကြည့်ရှုစစ်ဆေး

အဆိုပါနီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမဆောင်၌ကြည့်ရှုစစ်ဆေးသည်။


ထိုသို့ကြည့်ရှုစစ်ဆေးရာသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့၏ အချက်အလက် များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့အား ကြည့်ရှုစစ်ဆေးကြသည်။




ပြုပြင်ထားခြင်းမရှိ

ယခင် ၂၀၀၉ ခုနှစ်တွင် အလေးချိန် ၁၁၈၇၇ ဂရမ် (၅၉၃၈၅ ကရက်) ရှိသော နီလာအရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခု နီလာအရိုင်းတုံးကြီးသည် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁၅၀၀ ကရက်) ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန်ခက်ခဲပြီးရှားပါးကြောင်း၊ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်းမှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် နီလာအရိုင်းတုံးကြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.